ရွှေဘို မေ ၁
တရားမဝင် လူကုန်ကူးမှု ပပျောက်ရေးနှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရေးအတွက် အသိပညာ မြှင့်တင်ပေးရန်ရည်ရွယ်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ တရားမဝင် လူကုန်ကူးမှု ပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ဧပြီလ ၂၉ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအုပ်တင်လင်းမောင်မှ တရားမဝင် လူကုန်ကူးမှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးများ အန္တရာယ်အကြောင်း အသိပညာပေးဟောပြောရာတွင် တရားမဝင် လူကုန်ကူးမှုအကြောင်းအရာ၊ ဖြစ်ပေါ်လာနိုင်သောအန္တရာယ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်၊ သံသယရှိပါက မည်သို့သတင်းပေးရမည်နှင့်ပတ်သက်၍ ဥပဒေရေးရာ အချက်အလက်များကို အသေးစိတ် ဟောပြောခဲ့ကြောင်း သိရသည်။
လူမှုပတ်ဝန်းကျင်တွင် လူကုန်ကူးမှုပပျောက်အောင် တားဆီးကာကွယ်နိုင်ရေး၊ တာဝန်ရှိသူများနှင့် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်ရေးတို့ကို မြှင့်တင်နိုင်ရေးတို့အတွက် ရည်ရွယ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)