ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံ

ကသာ ဧပြီ  ၃၀

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာ ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက မန္တလေးငလျင်ကြီးကြောင့် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား စခန်းသွင်းသင်ကြားပေးနေသည့်ကာလအတွင်း စိတ်အေးချမ်းသားစွာသင်ကြားနိုင်ရေးအတွက် နေထိုင်ရေး၊ စားသောက်ရေးတို့ကို လိုအပ်ချက်မရှိဘဲပြည့်စုံစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နေဖြင့် ပူးပေါင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စခန်းသွင်းသင်ကြားနေစဉ်ကာလအတွင်း သောက်သုံးရေ၊ လျှပ်စစ်မီးပြတ် တောက်မှုမရှိစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိရေး၊ စားသောက်ဆောင်၊ အိပ်ဆောင်၊ စာသင်ဆောင်များ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စခန်းသွင်းသင်ကြား နေစဉ်ကာလအတွင်း လုံခြုံအေးချမ်းစွာ သင်ကြားနိုင်ရေးတို့ကို တာဝန်ရှိသူများနှင့် အလေးထားဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ကြမည့်ဆရာ/ဆရာမများအနေဖြင့်လည်း သင်ကြားရေးလုပ်ငန်းများကို စေတနာအပြည့်အဝဖြင့် သင်ကြားပေးစေလိုကြောင်း၊ အဝေးရောက်နေသောစာဖြေ ကျောင်းသား/ကျောင်းသူများကို လာရောက်ဖြေဆိုကြရန် ဝိုင်းဝန်းစည်းရုံးကြစေလိုကြောင်းနှင့် လာရောက်ဖြေဆိုကြမည့်သူများအတွက် စားစရာ၊ အဝတ်အစား၊ စာရေးကိရိယာ၊ နေထိုင်မှု၊ ရေ၊ မီးစသည်တို့ကို ပြည့်စုံစွာဆောင်ရွက်ပေးထားကြောင်းကို တဆင့်ပြောကြားကြ စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများက တက္ကသိုလ်ဝင်စာမေးပွဲ စခန်းသွင်းသင်ကြားသွားမည့် အခြေအနေများအပေါ် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များနှင့် ပတ်သက်၍ တာဝန်ရှိသူများက ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ကျောင်းသားကျောင်းသူများသုံးစွဲမည့် ရေသိုလှောင်ကန် ဆောင်ရွက်ထားမှုအားကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်