ဘိုကလေး ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်း ဦးစီးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၊ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်အတွက် အားကိုးအားထားပြုရသည့် စိုက်ပျိုးရေး ကဏ္ဍ အတွက် ရေတော်မိုးတော် စိုက်ဧကများ၊ ပိုက်ဆံလျှော်များ ထည့်သွင်းစိုက်ပျိုးရန် ရည်မှန်း ထားကြောင်း၊ စိုက်ဧက(၁)ဧကလျှင် တင်း(၁၀၀)ကျော်ထွက်ရှိရေး ရည်မှန်းချက် ပြည့်မှီရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မွေးမြူရေးကဏ္ဍများနှင့် MSME လုပ်ငန်းများကိုလည်း ပိုမိုတိုးတက်ဖွံ့ဖြိုးရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများက ယခုဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်ရှိသည့် စီမံကိန်းတာဝန်များအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအလိုက် အုပ်ချုပ်ရေးမှူးများထံ ဆက်လက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်