မင်းဘူးမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုသိုလ်ပြုလုပ်ငန်းများဆောင်ရွက်

မင်းဘူး ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ကုသိုလ်ပြုလုပ်ငန်းများအဖြစ် ဘုရားရေသပ္ပါယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဓာတ်တော်ကုန်း ရှင်ပင်ချမ်းသာကြီးစေတီတော် ဘုရားပရိဝုဏ်အတွင်း၌ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၃)ရပ်ကွက်မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများအဖြစ် ဓာတ်တော်ကုန်း ရှင်ပင်ချမ်းသာကြီးစေတီတော် ပရိဝုဏ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများအား ရေသပ္ပါယ်ခြင်း၊ ဘုရားပရိဝုဏ်အတွင်း ပေါင်းမြက်၊ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြု ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပူပြင်းသော နွေရာသီ၌ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက်ရှိ ကမ်းနားလမ်းတစ်လျောက် လူနေအိမ်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းဖြစ်သည့် မီးချိတ်၊ မီးကတ်၊ သဲပုံနှင့် ရေပုံးများ အရန်သင့်ထားရှိရေး၊ မီးကြွင်းမီးကျန်များနှင့် မီးဖိုချောင် အနီးပတ်ဝန်းကျင်းတွင် မီးလောင်လွယ်သော လောင်စာများမထားရှိစေရေး၊ မီးသွေးနှင့် ထင်းမီးသုံးစွဲသူများအနေဖြင့် မြေစိုက်မီးဖိုကျင်းများတူ၍ လေကာများထားရှိရေး၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိပြီး အရေးပေါ်မီးသတ်ဆေးဗူးများ အရန်သင့်ချိတ်ဆွဲထားရှိရေး စသည့် လုပ်ငန်းများကို တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လိုက်နာဆောင်ရွက်ရေး အကြံပြုဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)