နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

နတ်မောက် ဧပြီ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ပူးပေါင်း၍  စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းဝေက “လူငယ်နှင့်လောကဓံ”စာအုပ်ထဲမှ “အနာဂတ်ပန်းတိုင်” ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ပြရှင်းလင်းရာ စာအုပ် စာစောင် ချစ်မြတ်နိုးသူများကလည်း မိမိတို့၏ အတွေးအမြင် အသိများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဝါသနာရှင်များနှင့် ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိသည်။

မူမူစန်း