ပွင့်ဖြူ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရောင်းချရန်ကျန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၁)ခုကို အောင်မြင်စွာ လေလံရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်က လေလံရောင်းချရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အောင်မြင်စွာရောင်းချနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရောင်းချရန်ကျန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် လိုင်စင်အမျိုးအစားအလိုက် ဝယ်ယူရမည့် စည်းကမ်းချက်များ၊ တင်ဒါလုပ်ငန်းရှင်များအတွက် ရရှိမည့်အကျိုးခံစားခွင့်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များက လေလံစနစ်ဖြင့် ရောင်းချပေးရန်ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များထံ ပွင့်လင်းမြင်သာစွာ စနစ်တကျရောင်းချပေးနိုင်ရန် ဆောင်ရွက်မည့် လုပ်ငန်းများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ မြို့နယ်အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လေလံစနစ်ဖြင့် ရောင်းချပေးမည့် အရပ်ရပ်အခွင့်အရေးလိုင်စင်အရေအတွက်အနေဖြင့် အမဲ၊ ဆိတ်၊ ဝက် လုပ်ငန်းလိုင်စင်များအပါအဝင် မြို့ပြနှင့် ကျေးလက်ဒေသ အခွန်ကောက်လုပ်ငန်းများဖြစ်သည့် ဈေးကောက်၊ စက်ဘီးရပ်နားအခွန်ကောက်၊ ရေလောင်းအိမ်သာ အခွန်ကောက်လုပ်ငန်း စသည့် စုစုပေါင်း အရပ်အရပ်အခွင့်အရေးလိုင်စင် ၅၀ ခုရှိပြီး လုပ်ငန်းလိုင်စင် ၂၉ ခုကို ရောင်းချပေးပြီးဖြစ်ကာ လုပ်ငန်းလိုင်စင် (၂၁)ခု ရောင်းချရန် ကျန်ရှိနေသေးကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)