ပွင့်ဖြူ ဧပြီ ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်း သီးနှံ (၆၂၃၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်ရေး တောင်သူများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် ဈေးကွက်ရှိသည့် ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို မိုးသီးနှံနှင့် နွေသီးနှံစိုက်ပျိုးရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ သီးနှံဝင်ငွေ တိုးပွားရေးအတွက် ပဲတီစိမ်းကို မိုးကြိုသီးနှံအဖြစ် မတ်လမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ (၆၂၃၉) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် တောင်သူများက စိုက်ပျိုးပြီးစီးသည့် ပဲတီစိမ်းစိုက်ခင်းများတွင် သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရေးအတွက် မြေဩဇာကျွေးခြင်း၊ ရေဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း စသည့် စိုက်ပျိုးရေး သွင်းအားစုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
“ပွင့်ဖြူမြို့နယ်မှာ ဒေသခံတောင်သူတွေက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ သီးနှံဝင်ငွေတိုးပွားစေဖို့ ပဲတီစိမ်း သီးနှံကို မိုးကြိုသီနှံအဖြစ် စိုက်ပျိုးကြတယ်။ ဒီနေ့ထိ မိုးကြိုပဲတီစိမ်းစိုက်ဧက (၆၂၃၉) ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ပဲတီစိမ်းသီးနှံဟာ ဈေးကွက်ရှိတဲ့သီးနှံဖြစ်လို့ တောင်သူတွေက မဲဇလီရေလွှဲဆည်ရေနဲ့ နှစ်စဉ် ဖေဖော်ဝါရီလ၊ မတ်လမှာ စိုက်ပျိုးလေ့ရှိပါတယ်။ ဒီဒေသက စိုက်ပျိုးရေလဲ ဖူလုံတဲ့အပြင် စိုက်ပျိုးရေမြေလဲ မျှတကောင်းမွန်တဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ ဒေသခံတောင်သူတွေကို ပဲတီစိမ်းသီးနှံစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အထွက်နှုန်းကောင်းဖို့အတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲကြဖို့၊ သဘာဝမြေဩဇာနဲ့ ပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲကြဖို့ အသိပညာပေးတာတွေကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးကြိုပဲတီစိမ်းစိုက်ပျိုးတောင်သူများကို တစ်ဧက ပန်းတိုင်းအထွက်နှုန်းများ ရရှိစေဖို့၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးကြဖို့ အရည်အသွေးကောင်းသီးနှံများ ရရှိဖို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိုးကျ မှန်ကန်စွာ သုံးစွဲတတ်စေရေး စသည့် စိုက်ပျိုးရေးအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )