ကျွန်းစုမြို့၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီ ဘင်ခရာသင်တန်း ဖွင့်လှစ်သင်ကြား

ကျွန်းစု ဧပြီ  ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို တစ်လအကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က ကျွန်းစုကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြို့နယ်ဂုဏ်ဆောင် ဘင်ခရာတပ်ဖွဲ့ ပေါ်ပေါက်လာစေရေးအတွက် စနစ်တကျ သိရှိနားလည်တတ်ကျွမ်းအောင် သင်ယူကြပြီး မြို့နယ်အတွက် အားကိုးအားထားပြုနိုင်သည့် လူတော်လူကောင်းများဖြစ်အောင် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နုနုလွင်က ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်ဝလာစေရန်၊ ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိရှိ အသုံးချတတ်စေရန်နှင့် နောင်တစ်ခေတ်တွင် ထူးချွန်ထက်မြက်သည့် လူချွန်လူကောင်းများပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြဆရာ ဦးစန်းလွင်က သင်တန်းစည်းကမ်းများနှင့် သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းတို့က ဘင်ခရာသင်တန်းအတွက် လှူဒါန်းငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းကို ဧပြီလ (၂၉) ရက်နေ့မှ စတင်၍ တစ်လအကြာ သင်ကြားပို့ချမည်ဖြစ်ပြီး ဘင်ခရာ သင်တန်းသား၊ သင်တန်းသူ (၇၀) ဦးအား သင်တန်းနည်းပြ ဦးတို့က စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)