သဲကုန်း ဧပြီ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အ.ထ.က (သဲကုန်း) သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး (စီမံ/ဘဏ္ဍာ)ဦးစိုးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးကျော်သူဝင်းက သင်တန်းဆင်း အမှာစကားပြောကြားရာတွင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးစနစ်သစ်ဖြစ်သည့် KG+12 ကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာကျောင်းများတွင် နိုင်ငံတော်အတွက် အားထားရမည့် ကျန်းမာကြံ့ခိုင်သည့် ကျောင်းသား/ ကျောင်းသူများ ပေါ်ထွန်းလာစေရန်၊ အားကစားတွင် ထူးချွန်သော လူငယ်များပေါ်ထွက်လာစေရန်၊ ကာယပညာနှင့် အားကစားဘာသာရပ်ကို စနစ်ကျစွာသင်ကြားပို့ချနိုင်မည့် အရည်အသွေးမြင့် ကာယပညာဆရာ/ဆရာမများဖြစ်စေရန်၊ သင်တန်းတွင် သင်ယူလေ့လာခဲ့ကြသည့် ဘာသာရပ်များနှင့် အားကစားနည်းစနစ်များကို စနစ်တကျပြန်လည်သင်ကြားနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ ဆရာ/ ဆရာမများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မွမ်းမံသင်တန်းတွင် ကာယပညာစီမံအုပ်ချုပ်မှုဘာသာရပ်၊ ကာယပညာနှင့်အားကစားသင်ကြားမှုဘာသာရပ်၊ အားကစားလေ့ကျင့်မှု ခန္ဓာဗေဒနှင့် ဆေးပညာဘာသာရပ်၊ ကာယပညာအခြေခံသဘောတရားများ၊ Fitness Dance၊ ကိုယ်လက်ကြံ့ခိုင်မှုလေ့ကျင့်ခန်း အတွဲ(၃/၄)၊ အကြောဆန့်လေ့ကျင့်ခန်းများ၊ ကြံ့ခိုင်မှု စွမ်းရည်လေ့ကျင့်ခန်းများ၊ ကြက်တောင်ကစားနည်း၊ စားပွဲတင်တင်းနစ်ကစားနည်း၊ ဘော်လီဘောအားကစားနည်း၊ ဘောလုံးအားကစားနည်း၊ ပြေး၊ ခုန်၊ ပစ် ကစားနည်းမျကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ (ထက်/လယ်/မူ) ကာယဆရာ၊ ဆရာမ (၃၆) ဦးအား သင်တန်းနည်းပြဆရာ (၁၁)ဦးမှ ဧပြီလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)