ဘားအံ ဧပြီ ၂၉
ကရင်ပြည်နယ် ဘားအံမြို့၌ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးတပ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကရင်ပြည်နယ် မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အခြေခံမီးသတ်ပညာကို လက်တွေ့သင်ကြားတက်မြောက်စေရန်နှင့် ပြည်သူအသက်အိုးအိမ်စည်းစိမ်ကို မီးဘေးမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ အရန်မီးသတ်အကြို အခြေခံမီးသတ်ပညာ သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ဘားအံခရိုင်၊ မီးသတ်ဦးစီးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစန်းကို၊ ပြည်နယ်မီးသတ်ဦးစီးမှူးနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် သင်တန်းတွင် အခြေခံမီးသတ်ပညာရပ်များ၊ အခြေခံရှာဖွေကယ်ဆယ်ရေးပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပေးခြင်း၊ လက်နတ်မဲ့ စစ်ရေးပြပညာရပ်များကို ခရိုင်မီးသတ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ်များမှ နည်းပြသန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက နည်းပြများအဖြစ် သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား(၆၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)