လိပ်သို ဧပြီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာဒေသခံများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြရာ နာနတ်ပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြကြောင်း သိရသည်။
ဒေသခံများမှာ နာနတ်ပင်များကို မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန်အတွက်သာ စိုက်ပျိုးလျက်ရှိကြပြီး စီးပွားဖြစ် စိုက်ပျိုးမှု မရှိသေးကြောင်း၊ နာနတ် စိုက်ပျိုးရာတွင် နာနာတ်ပင်မှ သွားတက်များကို ပျိုးပင် အဖြစ် ဖြတ်ယူပြီး စိုက်ပျိုးကြကြောင်း၊ နာနတ်သီးများကို မိုးတွင်းကာလတွင်တစ်ကြိမ်၊ နွေရာသီကာလတွင်တစ်ကြိမ် ဆွတ်ခူးရကြောင်း နာနတ်စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။
ဒေသတွင်းရှိ နာနတ်စိုက်ပျိုးသူများမှာ နာနတ်သီးများအပြင် နာနတ်ဝိုင်နှင့် နာနတ်ယိုများကို ပြုလုပ်ရောင်းချလျက်ရှိပြီး လိပ်သိုမြို့ပေါ်တွင်သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များသို့လည်း ပို့ဆောင်ရောင်းချလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်