ပုသိမ် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်တော်မူသည့် မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော် တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်မြတ်ကြီးရင်ပြင်တော် အနုတ် 12 Level တည်ဆောက်ပြီးစီးမှု၊ တောင်အရပ် အရုဏ်ခံတန်ဆောင်း ဆောက်လုပ်နေမှု၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်တိုးချဲ့ရေးလုပ်ငန်းများ၊ ပြုပြင်မွမ်းမံတည်ဆောက်ရေးလုပ်ငန်းများ၊ သာသနာ့ဝံသ ကျောင်းဆောင် သာသနာ့ဗိမာန်တော် တည်ဆောက်နေမှု၊ သာသနိကအဆောက်အဦးများ တိုးချဲ့တည်ဆောက်ပြီးစီးမှုများ၊ သာသနိက အဆောက်အဦများတွင် မြန်မာမှုလက်ရာများဖြင့် ထည့်သွင်းတည်ဆောက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာ၀န်ရှိသူများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကဆုန်ညောင်ရေသွန်းပွဲတော်မတိုင်မီ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ သာသနိက အဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေး၊ လေဒဏ်မိုးဒဏ်ခံနိုင်စေရေး၊ စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ် ရေဝပ်မှုမရှိစေပဲ ရေဆင်းကောင်းမွန်စေရေး၊ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုနိုင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီအောင်ဆောင်ရွက်ရေး၊ မိုးရာသီတွင် အရိပ်ရလေကာပင် ပန်းအလှပင်များစိုက်ပျိုးရေး၊ စေတီတော်ကြီးပရဝုဏ်အတွင်းအပြင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တင်စွန်းရေလှောင်တမံ ရေပိုမိုသိုလှောင်နိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက မော်တင်စွန်း ရေလှောင်တမံ၏ တည်နေရာ၊ နယ်နိမိတ်နှင့် မြေမျက်နှာသွင်ပြင်အခြေအနေ၊ မော်တင်စွန်း ရေလှောင်တမံ(မိုးရေလှောင်ကန်)နှင့် ရေသိုလှောင်ထားရှိမှုအခြေအနေ၊ ရေချိုပိုမိုသိုလှောင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မော်တင်စွန်းရေလှောင်တမံသည် ဘုရားပွဲတော် ကျင်းပချိန်တွင် မြန်မာနိုင်ငံအဝှမ်း ဒေသအနှံ့အပြားမှ လာရောက်ဖူးမြော်သော ရဟန်းရှင်လူပြည်သူအများ ရေချိုသုံးစွဲရန်အတွက် အဓိကအားထားရသော ရေလှောင်တမံငယ် တစ်ခုဖြစ်သောကြောင့် ဘုရားဖူးပြည်သူအများ ရေချိုပြည့်စုံစွာ အသုံးပြုနိုင်ရန်အတွက် ရေချိုပိုမိုသိုလှောင်နိုင်ရန်လိုအပ်ကြောင်း၊ မိုးရာသီမတိုင်မီ လုပ်ငန်းအားလုံးပြီးစီးအောင် အလေးထားဆောင်ရွက်သွားကြရန်နှင့် တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်တင်စွန်းကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများ၊ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ "တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၊ မြို့၊ ရွာများ သန့်ရှင်းသာယာလှပရေး၊ ပန်းပေါင်းဝေဆာပြီး စိမ်းလန်းစိုပြေသည့် ဒေသများဖြစ်စေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြတ်မော်တင်စေတီ တော်မြတ်ကြီးရင်ပြင်နှင့် ဘေးပတ်ဝန်းကျင်များ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်လျက်ရှိရာ သန့်ရှင်းမှုကိုအလေးထားဆောင်ရွက်ရန်လိုအပ်ပြီး အမှိုက်များစွန့်ပစ်နိုင်ရန်အတွက် အမှိုက်ပုံးများ စနစ်တကျ စီစဉ်ထားရှိရမည်ဖြစ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ မြန်မာမှုလက်ရာများ ကောင်းမွန်သပ်ရပ်မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေး၊ အချိန်မီပြီးစီးစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးနှင့် လုပ်ငန်းခွင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စေတီတော်မြတ်ကြီး၏ သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် အားလုံးဝိုင်းဝန်းထိမ်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" မှာကြားခဲ့ပြီး တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)