ပခုက္ကူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအား ယနေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
ထို့သို့စစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင်သော ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်မားရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တို့မှ ဝန်ထမ်းများပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရပ်ကွက်များအတွင်း လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များ၌ ရည်ညွှန်းသတ်မှတ်ဈေးနှုန်း ထက်မြှင့်တင်ရောင်းချခြင်းနှင့်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ရှိ၊ မရှိ၊ ကုန်ပစ္စည်းပြတ်လပ်မှုရှိ၊ မရှိ၊ တရားဝင် မှတ်ပုံတင်ဖြန့်ဖြူးရောင်းချထားသော အိမ်ဆောက်ပစ္စည်းများ ဟုတ်၊ မဟုတ်၊ ကုန်ညွန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြထားမှု ရှိ၊ မရှိ အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြသည်။
ထို့နောက် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များနှင့် ဝန်ထမ်းများအား ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချရာတွင် ပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အကျိုးအမြတ်ရရှိရေးထက် ဈေးနှုန်းတည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)