ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ကြည့်ရှုအားပေး

ဘားအံ ဧပြီ ၂၈

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးနှင့် စားရေရိက္ခာ ဖူလုံပိုလျှံရေး တွန်းအားပေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ နောင်လုံအနောက်ကျေးရွာအုပ်စု၊ ကော့မားကယ်ကျေးရွာ၊ နောင်လုံအနောက်ကွင်းရှိ တောင်သူ (၇) ဦး၏ ဖြစ်ထွန်းအောင်မြင်နေသော နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဧက(၃၀)အား သွားရောက်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ တောင်သူများ  ဓါတ်မြေဩဇာ ကုန်ကျစရိတ် သက်သာစေရေးအတွက် သဘာဝမြေဩဇာ စူပါအီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြုလုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး ‌တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်ရေး ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖြစ်ထွန်းအောင်မြင်နေသော နွေစပါးမျိုးစေ့ထုတ် ဧက(၃၀)အား တက်ရောက်လာသော တောင်သူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က ပြည်နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစေ့ထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ ပြည်နယ်အတွင်း နွေစပါးမျိုးစေ့ထုတ်ဧကများ စိုက်ပျိုးထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး   ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀) စက်မှုလယ်ယာစခန်း(ဘားအံ)မှ ထွန်စက်ကြီး(၃)စီးဖြင့် ရိတ်သိမ်းပြီးသော စိုက်ဧကများတွင် မိုးကြိုထယ်ရေးလှန်ခြင်းနှင့် သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြကာ တောင်သူများက ကုန်ထုတ်လမ်း၊ ကုန်ထုတ်တံတားနှင့် တစ်ကြောင်းထိုးမြေသားလမ်းဖောက်လုပ်ပေးနိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာများအား မြေပြင်ကွင်းဆင်းတိုင်းတာ တွက်ချက်၍ ပြန်လည်တင်ပြပေးရန်နှင့် အခြားလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ဘားအံမြို့နယ်၊ လှာကဒေါင်မွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုအားပေးရာ ရှင်းလင်းဆောင်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာတင်နွယ်ရီက ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း အသား၊ ဥနှင့် နို့ထုတ်လုပ်မှု အခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တိုးတက်မွေးမြူထုတ်လုပ်မည့်အခြေအနေများကို ရှင်းလင်း တင်ပြပြီး မွေးမြူရေးတောင်သူများက လျှပ်စစ်မီးတိုးတက်ရရှိရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ရယူ၍ တိုးတက်မွေးမြူထုတ်လုပ်နိုင်ရေး တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ မွေးမြူတောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို တောင်သူလက်ဝယ်အရောက် ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးဆော်လမန်း၏ အသားစားနွားမွေးမြူရေးခြံ၊ တောင်သူဦးစိုင်းဝင်းအောင်၏ ဥစားကြက်ခြံနှင့် တောင်သူ ဦးစောသာဘောင်းမိုးကျော်၏ နို့စားနွားခြံတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။     

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ကန်သာယာပတ်ဝန်းကျင်ရှိ ရေတွင်း၊ ရေကန်များ နွေရာသီခမ်းခြောက်မှုမရှိစေရေး၊ ရေဝေရေလဲစနစ်နှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ခန့်မှန်းကုန်ကျငွေ ၁၉၆ ဒဿမ ၇ သန်းဖြင့် စက်ယန္တရားများ အသုံးပြု၍ ကန်သာယာ ကန်တူးဖော်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်က ကန်တူးဖော်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာပတ်လမ်း ချစ်သူလမ်းကြားအား တာဘောင်ဖို့လမ်းအကျယ်ချဲ့ခြင်းနှင့် ကန်သာယာကန်တူးဖော်ခြင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)