ပုသိမ် ဧပြီ ၂၈
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့အဝင် ရေလမ်းကောင်းမွန်ရေးအတွက် ဟိုင်းကြီးချောင်းအဝတွင် နုန်းအနည်အနှစ်များကျရောက်ခြင်းမှ ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် နုန်းတားကျောက်စီလှိုင်းကာ အလျား ၅၅၀ ပေ ဆောင်ရွက်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရန်၊ ဟိုင်းကြီးကျွန်းမြို့အဝင် သန့်ရှင်းသာယာလှပရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။ အဆိုပါ နုန်းတားကျောက်စီလှိုင်းကာတည်ဆောက်ပေးခြင်းအားဖြင့် ဟိုင်းကြီးချောင်းအဝတွင် အနည်ကျရောက်မှုကို တားဆီးပေးနိုင်မည့်အပြင် ဟိုင်းကြီးချောင်းအတွင်း ရေစီးရေလာပိုမိုကောင်းမွန်လာပြီး ရေယာဥ်များဘေးအန္တရာယ်ကင်းစွာ ဝင်ထွက်သွားလာနိုင်မည်ဖြစ်ပါသည်။
ကျော်ဟိန်း(ပြန်/ဆက်)