မယ်စဲ့ ဒီဇင်ဘာ ၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေး ရည်ရွယ်၍ ရပ်ရွာအခြေပြု ခရီးသွား ကဏ္ဍအသစ် ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှို၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့က နမ့်ဟူး-ကျိုက်ထီးရိုး-ဟိုဂျစ်-သဘာဝနတ်တောင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့သည် မယ်စဲ့မြို့နယ် ဟိုဂျစ်ကျေးရွာမှ ၃ မိုင်ခန့်ရှိသည့် သဘာဝနတ်တောင်နှင့် သဘာဝနတ်တောင်မှ ၂ မိုင် ၃ ဖာလုံခန့် ဝေးသည့် ကျိုက်ထီးရိုးစေတီသွားလမ်း ပတ်ဝန်းကျင် နှစ်နေရာတို့တွင် ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်နိုင်ရေးအတွက် လျှိုမြောင်များ၊ ရေချောင်းများတစ်လျှောက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းဖြစ်သည်။
မယ်စဲ့မြို့နယ် နမ့်ဟူးကျေးရွာမှ ၅ မိုင်ခန့်အကွာ တောင်ပေါ်၌ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ထားခဲ့သည့် ကျိုက်ထီးရိုးစေတီတော်နှင့် ဟိုဂျစ်ကျေးရွာမှ ၃ မိုင်ခန့်ရှိ စိတ်ဝင်စားစရာ နေရာတစ်ခုဖြစ်သည့် ရှမ်းအခေါ်အဝေါ် လွယ်ဝိန်း၊ မြန်မာဘာသာပြန်လျှင် လွယ်သည် “တောင်”၊ ဝိန်းသည် “မြို့” ဟု အဓိပ္ပါယ်ရသည့်အတွက် “တောင်မြို့” တစ်နည်းအားဖြင့် နတ်ကောင်းနတ်မြတ်များ နေထိုင်ရာ သဘာဝနတ်တောင် တည်ရှိသည့်အတွက် အဆိုပါ နေရာနှစ်နေရာအား သဘာဝတောတောင် ရေမြေများ၏ အလှတရားကို ခံစားကြည့်ရှုနိုင်ရေး ခရီးသွားကဏ္ဍအသစ် ပေါ်ထွန်းလာစေရန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အဖွဲ့က မြေပြင်ကွင်းဆင်း တိုင်းတာခဲ့ပြီး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ရန်ပုံငွေဖြင့် လျာထားတင်ပြရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)