ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဘောင်ကြီးတင်နည်းစနစ်ဖြင့် ရေသွင်းနှမ်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း

ပွင့်ဖြူ     ဧပြီ    

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင်  ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက သီးနှံအထွက်နှုန်းတိုးတက်စေရန် ဘောင်ကြီးတင်နည်းစနစ်ဖြင့် ရေသွင်းနှမ်းများ အားထားစိုက်ပျိုးလျက်ရှိပြီး အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ဧက ၂၇၁၉၃ ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ နွေနှမ်း ၂၉၆၉၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကာ ဒေသခံတောင်သူများက နှမ်းစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်ပြီး အထွက်နှုန်းကောင်းမွန်သော ‌ဘောင်ကြီးတင်နည်းစနစ်ဖြင့် ရေသွင်း၍ အားထားစိုက်ပျိုးကြကြောင်း သိရသည်။

" ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေ တိုးပွားစေဖို့ နွေနှမ်းစိုက်ဧက ၂၇၁၉၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ လက်ရှိမှာ စိုက်ဧက ၂၉၆၉၀ ဧကထိ စိုက်ပျိုးပြီးစီးပြီ ဖြစ်လို့ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ နှမ်းစိုက်ပျိုးရေးလုပ်ငန်းနဲ့ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ ပန်းတိုင်အထွက်နှုန်းများ ရရှိအောင် စိုက်ပျိုးကြဖို့နဲ့ ပိုးမွှားရောဂါကင်းဝေးအောင် စနစ်တကျ ဆောင်ရွက်ကြဖို့  နယ်မြေကွင်းဆင်းပြီး နည်းပညာတွေ ပံ့ပိုးကူညီဆောင်ရွက်‌ပေးပါတယ်"ဟု ပွင်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌  ‌ယခုနှစ် နွေနှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရေး ဘောင်ကြီးတင်စိုက်နည်းစနစ်များနှင့် သွင်းအားစုများ  စနစ်တကျ သုံးစွဲတတ်စေရန် တောင်သူပညာပေး သင်တန်းများနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း ၊ ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း ၊ မျိုးကောင်းမျိုးသန့်များ ရရှိအောင် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း ၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် စိုက်ပျိုးရေ စနစ်တကျ သုံးစွဲရေး အသိပညာပေးခြင်းစသည့် စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများကို   ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နှမ်းကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံသာမက ပိုလျှံသော သီးနှံများကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းစိုက်ပျိုးရေးကို ဒေသမရွေး တိုးချဲ့စိုက်ပျိုးနိုင်အောင် ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )