ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံဖြိုးရေး ကြည့်ရှုအားပေး

ဘားအံ ဧပြီ ၂၆

ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံ၍ အသေးစား၊ အငယ်စား၊ အလတ်စား(MSME)စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေးနှင့် ပိုလျှံသည်များအား ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေး အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၈-ဃ တောင်သူဦးထွန်းရင်၏ စိုက်ပျိုးဖြစ်ထွန်းနေသော နွေစပါးဆင်းသုခစိုက်ခင်းအား ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးတို့က သမ္ဘာန်ကျေးရွာအုပ်စုအတွင်း နွေစပါးစိုက်ပျိုးဖြစ်ထွန်းနေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ အဆိုပါကျေးရွာအုပ်စုအတွင်း တောင်သူဦးခိုင်ဝင်း၏ ပုဂ္ဂလိကမန်ဂျန်ရှားပျိုးခြံအား သွားရောက်ကြည့်ရှုအားပေး၍ လာမည့်မိုးဦးရာသီတွင်သစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ လမ်းဘေးဝဲယာနေရာလွတ်မကျန်စိုက်ပျိုးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၈-ဃ တောင်သူနော်မုထူး၏ နွေစပါးဆင်းသုခစိုက်ခင်း ၇ ဒဿမ ၅၀ ဧက၌ ပုဂ္ဂလိကကူဘိုတာရိတ်သိမ်း ခြွေလှေ့စက်ဖြင့်နွေစပါးစံကွက်ရိတ်သိမ်းခြင်းနှင့် မြေစာရင်းဦးစီးဌာနမှဝန်ထမ်းများ စံကွက်ရိတ်သိမ်းခြင်းတို့ကိုကြည့်ရှုအားပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၄၁၈-ဃ၊ သမ္ဘာန်ရွာကွင်းရှိ တောင်သူဦးကျောက်လုံး၏ ရိတ်သိမ်းပြီးနွေစပါးစိုက်ခင်း၌ မိုးကြိုထယ်ရေးခံခြင်း၊ ထုံးထည့်သွင်းခြင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲသို့တက်ရောက်ခဲ့ကြပြီး ထီလုံ၊ သမ္ဘာန်၊ သပုထို၊ နောင်သငဲ့ကျေးရွာများမှ တောင်သူများနှင့်အတူ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များကြဲပက်ခဲ့ကြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တက်ရောက်လာသောတောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲ၊ လှိုင်းဘွဲ-မျိုးသန့်ခြံအတွင်း စိုက်ပျိုးထားရှိသော နွေစပါးစိုက်ခင်းနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြေဧရိယာ ၁၄၆၈ ဧကအားစိုက်ပျိုးရေပေးဝေနိုင်သော လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာအနီးရှိ ရေဘုတ်ရေလှောင်တမံအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးတင်မျိုးလှိုင်က ရေဘုတ်ရေ လှောင်တမံစီမံကိန်းဆိုင်ရာအချက်အလက်များ၊ မိုးစပါးအောင်ရေနှင့်နွေစပါးစိုက်ပျိုးရေ ပေးဝေထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ရေဘုတ်ရေလှောင်တမံအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘားအံမြို့နယ်၊ မိဇံ(ဆိတ်၊ဝက်)မွေးမြူရေးဇုန်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာတင်နွယ်ရီက မိဇံမွေးမြူရေးဇုန် ၉၈ ဒဿမ ၃၈ ဧကအတွင်း မွေးမြူ လုပ်ကိုင်သောလုပ်ငန်းရှင်များနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဝက် ၁၀၂၅၁၉ ပိဿာ၊ ဆိတ် ၂၉၁၆ ပိဿာ ထုတ်လုပ်မှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မွေးမြူထုတ်လုပ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီး တောင်သူများက တိရစ္ဆာန်အစာထုတ်လုပ်ရောင်းချမှုအခြေအနေ၊ တိုးချဲ့မွေးမြူထုတ်လုပ်နိုင်ရေး လျှပ်စစ်မီးရရှိမှု၊ မျိုးကောင်းမျိုးသန့်ရရှိနိုင်ရေးနှင့် သောက်သုံးရေရရှိရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ မွေးမြူတောင်သူများအား တိရစ္ဆာန်သုံးဆေးဝါးများနှင့် အာဟာရဆားခဲများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိဇံမွေးမြူရေးဇုန်အတွင်း တိရစ္ဆာန်စွန့်ပစ်အညစ်အကြေးများကိုအသုံးပြု၍ သဘာဝမြေဩဇာထုတ်လုပ်ရောင်းချနေသော ရွှင်ပျော်သဘာဝဇီဝမြေဩဇာစက်ရုံ၊ တောင်သူဦးဇော်ဌေးအောင်၏ အသားတိုးဝက် ၅၀၀ ကောင်မွေးမြူရေးခြံ၊ တောင်သူဦးတင်ဝင်း၏ အသားတိုးဝက် ၁၅၀ ကောင် မွေးမြူရေးခြံနှင့် တောင်သူဦးနေတိုး၏ ဆိတ် ၁၀၀ ကောင်မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)