တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ထားဝယ်မြို့ တော်ခန်းမအဆောက်အဦတည်ဆောက်နေမှုအခြေအနေများနှင့် တည်ဆောက်ရေး လုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ထားဝယ် ဧပြီ ၂၆

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမအဆောက်အဦ တည်ဆောက် နေမှုအခြေအနေများနှင့်တည် ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းဝင်းအတွင်း၌ သူနာပြုသင်တန်းသား/သူများနေထိုင်သည့်အဆောင်များနှင့် နေရာထိုင်ခင်းအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်မြို့တော်ခန်းမ အဆောက်အဦတည်ဆောက်နေမှုအခြေအနေများအားကြည့်ရှုစစ်ဆေးပြီး ဆောက်လုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက  အဆောက်အဦအသစ်ဆောက်လုပ်နေမှုအခြေအနေများ၊ ထားဝယ်မြို့တော်ခန်းမလမ်းခင်းခြင်းနှင့် ဆက်စပ်သောလုပ်ငန်းများဆောင်ရွက်နေမှု (မြေဖို့ခြင်း၊ရေမြောင်းနှင့်ရေမြောင်းဖုံး)၊ ကားပါကင်တည်ဆောက်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ မြေကာနံရံတည်ဆောက်နေမှု၊ အဝင်လမ်းအား Box Culvert နှစ်စင်းတည်ဆောက်ခြင်း၊ အုတ်စီရေမြောင်းနှင့်ရေမြောင်းဖုံးပြုလုပ်နေမှု၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်းများ၊ အဆောက်အဦအတွင်းတည်ဆောက်နေမှုအခြေအနေများနှင့် ဆောက်အဦပြင်ပဆက်စပ်လုပ်ငန်းများနှင့် လုပ်ငန်းစီမံချက်များအားလိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အဆောက်အဦအားအချိန်မီပြီးစီးအောင်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ပေးရန်လိုအပ်ကြောင် မှာကြားသည်။

ထားဝယ်မြို့တော်ခန်းမ၏ အဆောက်အဦအမျိုးအစား 1.5 Storey R.C.C Building အဆောက်အဦ အရွယ်အစား ၂၁၅ ပေ x ၁၁၀ပေ (၄၀၃၆၄ စ/ပေ)၊ မြေဧရိယာအကျယ်အဝန်း 2.306 ဧက၊ ခန်းမအတွင်းဝင်ဆံ့လူဦးရေ မြေညီထပ် (၇၂၈)ဦး ၊ ပထမထပ် (၁၀၆) ဦးဖြစ်ပြီး လုပ်ငန်းတစ်ခုလုံးပြီးစီးမှု ၉၁ % ဖြစ်ကာ အဆောက်အဦဦးစီး ဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့ (၁၆)က တာဝန်ယူတည်ဆောက်လျက်ရှိသည်။

ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်ပညာရေးဒီဂရီကောလိပ်ဝင်းအတွင်း တည်ဆောက်နေသည့် (၄)ခန်းတွဲဈေးဆိုင်ခန်းနှင့် အမှတ်(၁)အခြေခံပညာအထက်ကျောင်းဝင်းအတွင်း တည်ဆောက်နေသည့် Hall ခန်းမအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြက်စားပြင်ရပ်၊ ကမ်းနားလမ်းတစ်လျှောက်  မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးအထိ လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးနှင့်အောင်တံခွန် ငါးဈေးအကြား ၂ လမ်းသွားချဲ့ခြင်းနှင့် ၄ လမ်းသွားချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ ကြက်စားပြင်ရပ် ကမ်းနားလမ်းဘေး ဝဲယာရေမြောင်းပလက်ဖောင်း နှင့် Hand Rail လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ ကမ်းနားလမ်းတစ်လျှောက် ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးအခြေအနေများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထားဝယ်-ကမြောကင်း-မောင်းမကန်လမ်း ကျောက်စီရေမြောင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည်ခိုင်မြဲစေရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်းလုပ်ငန်းများပြီးစီးရေးတို့ကို အလေးအနက်ထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းတာဝန်ရှိသူများကို လမ်းညွှန်မှာကြားကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)