မုံရွာ ဧပြီ ၂၆
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေနှင့် မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားရေးအား အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြိုင်ပွဲကျင်းပရေး ကော်မတီအနဖြင့် ပြိုင်ပွဲ စ၊ လယ်၊ ဆုံး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ဒိုင်လူကြီးများမှလည်း တရားမျှတစွာ ကြီးကြပ်ဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်ကစားသမားများမှလည်း ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းများအား တိကျစွာ လေးစားလိုက်နာကြသွားကြရန်နှင့် ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်အား လေးစားလိုက်နာကြပြီး မိမိဘဝအတွက် ရည်မှန်းချက် ပန်းတိုင်များထားပြီး မိမိတို့၏ခြေစွမ်းခြေစ အရည်အချင်းအား ပေါ်လွင်အောင် အားကစား စိတ်ဓါတ်ပြည့်ဝစွာဖြင့် ကြိုးစားယှဉ်ပြိုင်ပြီး အရည်အချင်း ပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစား သမားကောင်းများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲဝင်အားကစားအသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အသင်းအုပ်ချုပ်သူများထံ လေ့ကျင့်ရေးဘောလုံးများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(အလုံ)မှ ဘင်ခရာ/ပန်းပွားအဖွဲ့များမှ တီးမှုတ်ကပြဖျော်ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများမှ Fitness Dance ကပြဖျော်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည့် ဘင်ခရာ/ပန်းပွားအဖွဲ့၊ Fitness Dance အဖွဲ့နှင့် အလံကိုင်/ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ဘောလုံးပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မုံရွာခရိုင်ဘောလုံးအသင်းနှင့် ကလေးခရိုင်ဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားကြရာ မုံရွာခရိုင်အသင်းမှ ကလေးခရိုင်အသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအား ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၁၃ ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း၊ အသင်းအုပ်ချုပ်သူနှင့် ပြိုင်ပွဲဝင်အားကစားသမား ၂၅၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)