လွိုင်ကော်တပ်နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ ယူဆောင်သွားသည့် မော်တော်ယာဉ် (လိုင်စင်ပါ)အား ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခြင်း ကျင်းပ

လွိုင်ကော် ဧပြီ ၂၆

လွိုင်ကော်တပ်နယ်၌ အကြမ်းဖက်သောင်းကျန်းသူများ ယူဆောင်သွားသည့် မော်တော်ယာဉ် (လိုင်စင်ပါ)အား ပိုင်ရှင်သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်က ကျင်းပရာ နယ်မြေခံဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွိုင်ကော်တပ်နယ်အတွင်းရှိ အရာရှိများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဒေသကွပ်ကဲရေးမှူးမှ ယခုအခမ်းအနား ကျင်းပခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး မော်တော်ယာဉ်ပိုင်ရှင်ထံသို့ မော်တော် ယာဉ်သော့၊ ယာဉ်မှတ်ပုံတင်စာအုပ်နှင့် ဆက်စပ်ပစ္စည်းများအား လွှဲပြောင်းပေးအပ်သည်။ ထို့နောက် မော်တော်ယာဉ်ပိုင်ရှင် ဦးအတင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက်နေ့ နံနက် ၈ နာရီချိန်ခန့်တွင် လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်နေ ဦးအတင့်(ဘ) ဦးမောင်ကိုသည် ဇနီးဖြစ်သူနှင့်အတူ ကုန်ပစ္စည်းများ ဝယ်ယူရန် လွိုင်ကော်မြို့မှ တောင်ကြီးမြို့သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြောင်း၊ ကျောက်ကြီး(မြောက်)ကျေးရွာနှင့် ကုန်းဆွတ်ကျေးရွာ အကြားသို့ ရောက်ရှိစဉ် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဦးအတင့်တွင် လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့်အတူ ယာဉ်ပေါ်ပါငွေ ကျပ်သိန်း(၁၃၀)ခန့်အား အကြမ်းဖက်သောင်းကျန်းသူများက ယူဆောင်သွားခဲ့ကြောင်း၊ လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာအား ကုသရန် အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ သတင်းရရှိသည်နှင့် နယ်မြေခံတပ်မတော်သားများက ဖြစ်စဉ်နေရာနှင့် ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ရာ အရှေ့ဘက် မီတာ ၁၅၀၀ ခန့်သို့ ရောက်ရှိစဉ် မော်တော်ယာဉ်အား တွေ့ရှိခဲ့ရပြီး အဆိုပါနေရာ၌ အကြမ်းဖက် သောင်းကျန်းသူ ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများက အရှေ့ဘက်သို့ ဆုတ်ခွာပြေးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သောင်းကျန်းသူ ယူဆောင်သွားသော Hyundai Creta (အမည်းရောင်)ယာဉ်အား ယာဉ်ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံနိုင်ရေး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၌ ခေတ္တသိမ်းဆည်းထားရှိခဲ့ကြောင်း၊ ယခုအခါ ဒဏ်ရာရရှိခဲ့သည့် ဦးအတင့်သည် ဒဏ်ရာမှာ သက်သာပျောက်ကင်းပြီး မိမိနေအိမ်သို့ ပြန်လည်ရောက်ရှိနေထိုင်၍ ၎င်းပိုင်မော်တော်ယာဉ်အား ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)