လွိုင်ကော် ဧပြီ ၂၅
ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအလေးထား ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ်များအသုံးပြု၍ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ စိုက်ပျိုးရေးသုတေသနခြံတွင် နွေရာသီ၌ ရေဖျန်းကိရိယာနည်းစနစ်ဖြင့် ပဲပုပ်နှင့် နေကြာသီးနှံစံပြကွက် စိုက်ပျိုးထားရှိမှု ကွင်းသရုပ်ပြပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာများမှတောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအကျိုးစီးပွားအတွက် လက်တွေ့ပြသ၍ အကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ တောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စိုက်ပျိုးရေကို အလေအလွင့်မရှိဘဲ စနစ်တကျ အသုံးချရန်လိုကြောင်း၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များအသုံးပြု၍ သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ကြရန်နှင့် ပြည်နယ်အတွင်း စိုက်စွမ်းအားတိုး တက်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်ပေးလျက်ရှိပြီး စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနများကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအောင်မြင်ရေး ကြိုးစားဆောင်ရွက်ပေးကြရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက ရေဖျန်းကိရိယာဖြင့် ပဲပုပ်နှင့်နေကြာ စိုက်ပျိုးထားရှိမှုအခြေအနေများနှင့် စိုက်ပျိုးရေးသုတေသနခြံများ၏ ဆောင်ရွက်ချက်များကို လည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး မန်နေဂျာက စိုက်ပျိုးရေးနည်းပညာဆိုင်ရာကိစ္စရပ်များအား ဖြည့်စွက်ဆွေးနွေးခြင်းများကိုလည်းကောင်း၊ တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ တောင်သူများအား လွိုင်ကော်စိုက်ပျိုးရေးသုတေသနခြံ တာဝန်ခံက ရေဖျန်းကိရိယာဖြင့် စိုက်ပျိုးထားရှိသည့် ပဲပုပ်နှင့် နေကြာသရုပ်ပြစိုက်ခင်း၌ စိုက်ပျိုးဖြစ်ထွန်းမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)