ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူး ဧပြီ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ (၂၃) ရက်နေ့၊ နံနက်ပိုင်းက အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးတိုင်း (အနောက်ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မိုးညိုမြို့နယ်၊ ညောင်ပိုင်းကျေးရွာအုပ်စု၌ မွေးမြူရေးလုပ်ငန်းရှင်မှ ဒေသကြက်ကောင်ရေ(၁၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသကြက်အား သဘာဝအတိုင်း မွေးမြူရန်၊ ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်သာ ကျွေးမွေးသွားရန်၊ တိရစ္ဆာန်ကူးစက်ရောဂါ ကျရောက်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် မွေးမြူရေးဆိုင်ရာ အသိပညာများဖြန့်ဝေပေးနိုင်ရေးနှင့် မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ထပ်မံတိုးပွာလာစေရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မိုးညိုမြို့နယ်၊ ထိန်တောမြို့၊ ထိန်တောဈေးသစ် တည်ဆောက်ပြီးစီးမှုနှင့် ဈေးရောင်းချနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မီးဘေးအန္တရာယ် အထူးဂရုပြုရန်၊ ဈေးအတွင်း/အပြင် သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ရန်၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူသူများအားဖိတ်ခေါ်၍ လက်လီအဆင့်ဆင့်မရှိစေဘဲ စားသုံသူများထံ တိုက်ရိုက်ဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စုရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးမင်းမင်းထွန်း၏ ကာကီကင်းအမျိုးအစား ဥစားဘဲကောင်ရေ (၂၀၀၀) စမ်းသပ်မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသဝက်၊ ဒေသကြက်များလည်း တိုးချဲ့မွေးမြူသွားရန်နှင့် လုပ်ငန်းတူ မွေးမြူရေးလုပ်ငန်းရှင်အစုအဖွဲ့များ ဖွဲ့စည်း၍ ချေးငွေရရှိရေး ဆောင်ရွက်ပေးရန်နှင့် ဘက်စုံမွေးမြူရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မွေးမြူရေးမှထွက်ရှိလာသည့် ကုန်ကြမ်းများအား ကုန်ချောအဆင့်ထိ ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သာယာဝတီမြို့နယ်၊ ဖိုးကတိုးကျေးရွာအုပ်စု၌ တောင်သူ ဦးကြာပန်း၏ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်နေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး နွေစပါးစိုက်ခင်းများ ရေလိုအပ်ချက်မရှိစေရေး ဆောင်ရွက်ပေးရန်၊ ဆိုလာရေတင်စနစ် အသုံးပြုနိုင်ရေး ချိတ်ဆက်ပေးရန်၊ ဈေးကွက်အတွင်း ထိုက်သင့်သည့် ဈေးနှုန်းရရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)