ပုသိမ် ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးများ ပြန်လည်စိုက်ပျိုးမှုအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)% ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " မိမိတို့ တိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများကြောင့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ရာဂီမုန်တိုင်းတိုက်ခတ်မှုကြောင့် တိုင်းဒေသကြီး၏ မြောက်ဘက်ခြမ်း ဒေသများဖြစ်သည့် မြန်အောင်၊ ကြံခင်းမြို့နယ်များတွင် စပါးအပါအဝင် အခြားသီးနှံ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့် ထိခိုက်ပျက်စီးခဲ့သည့် စိုက်ဧကများအတွက် အမြန်ဆုံးပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး မျိုးစပါးများ၊ သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ယနေ့တွင် တိုင်းဒေသကြီးအတွင်း (၇.၉.၂ဝ၂၄)ရက်နေ့မတိုင်မီ ပြန်လည်စိုက်ပျိုးပြီးသည့်ဧက (၄၉၂၂၇)ဧကအတွက် အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)ရာခိုင်နှုန်းအတွက် ကျပ်သန်း (၂၄၆၁) သန်းကျော်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ရေကြီးနစ်မြုပ်ထိခိုက်ဧက (၁၁၇၈၁၉) ဧကနှင့် ပျက်စီးဧက (၁၁၄၅၃၈)ဧက များအတွက် တစ်ဧကလျှင် သွင်းအားစု နှစ်သိန်းဖိုးနဲ့ညီမျှသော လိုအပ်ငွေ၏ (၇၅)ရာခိုင်နှုန်းကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်နှစ်အတိုးမဲ့ချေးငွေ ကျပ်သန်း (၅၁၉၃)သန်းကျော်ကို ထုတ်ချေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုလို ထုတ်ချေးပေးသော နိုင်ငံတော်၏ စေတနာကိုနားလည်ကာ တောင်သူဦးကြီးများအနေဖြင့် သီးနှံအထွက်နှုန်းတိုးရေး၊သီးနှံအရည်အသွေး မြင့်မားရေးတို့ကို ဦးတည်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧကများတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းကို ဧက(၂၇) သိန်းကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် ရာသီဥတုအခြေအနေများ၊ မိုးလေဝသဆိုင်ရာ အချက် အလက်များ၊ ရေရရှိရေးစသည့် လုပ်ငန်းများအားကြိုတင်တွက်ဆ၍ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုမရှိစေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိရန် ” အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများမှ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ (၂၅)% ထောက်ပံ့ပေးအပ်ရာ ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တောင်သူများမှ လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေများအား တောင်သူများလက်ဝယ်သို့ အချိန်မီရောက်ရှိစေရေး၊ ပြောင်းလဲလာသော ရာသီဥတုအပေါ်မူတည်၍ သီးနှံပုံစံပြောင်းခြင်း၊ စိုက်စနစ်ပြောင်းလဲခြင်း၊ အထွက်တိုးမျိုးများပြောင်းလဲခြင်းနှင့် တောင်သူလယ်သမား လူမှုစီးပွားဘဝမြင့်မားရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးထပ်စွမ်းအားမြင့်မားရေးတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)