ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ ကျင်းပ

ငဖဲ ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းတွင်ပါဝင်သည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများကို သက်ဆိုင်ရာဌာနများက ကဏ္ဍပေါင်းစုံချိတ်ဆက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းပူးပေါင်း၍ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီး ငဖဲမြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးနေမျိုးနန္ဒက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ မတ်လအထိ စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်  ဧပြီလမှ မတ်လအထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များရေးဆွဲထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌ ဦးကျော်စိုးနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် (ဧပြီလမှ မတ်လအထိ) တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းစီမံကိန်းများ၊ အဓိကစိုက်ပျိုးသီးနှံများ၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စည်ပင်ကဏ္ဍ စသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်လွှာများကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ကျေးရွာအုပ်စုများအား ပေးအပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်လုပ်ငန်းစီမံကိန်းများအတွက် တိုင်းဒေသကြီးဘတ်ဂျက် ရန်ပုံငွေ ကျပ်သန်း ၉၄၂.၄၂၀ ဖြင့် ဦးစီးဌာန ၁၀ ခုတွင် လုပ်ငန်း (၃၃)ခုဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။

မယု(ငဖဲ)