သရက် ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင်၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာမှာ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီး စီးပွားရေးဝန်ကြီးတို့ရဲ့လမ်းညွှန်ချက်များအရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ အမျိုးသားစီမံကိန်းဥပဒေ၊ လုံးထုံးလုပ်နည်းများနှင့်အညီ ရည်မှန်းချက်များကို ပြည့်မီကျော်လွန်အောင် ပြီးခဲ့တဲ့နှစ်ထက်တိုးတက်မှုဖြစ်အောင် ကြိုးစားအားထုတ် ဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ရာ ခရိုင်အတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ခရိုင်ဦးစီးမှူးများကလက်ခံပေးခဲ့ပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းထိုက်က သရက်ခရိုင်၏ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်၊ ဧပြီလမှမတ်လ(နှစ်ကုန်ခန့်မှန်းခြေ) စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော်နိုင်မှုအခြေအနေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်နှင့်ပတ်သက်၍ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)