နတ်မောက်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးများစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

နတ်မောက် ဧပြီ ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် နွေစပါးများစိုက်ပျိုးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာ စပါးစိုက်တောင်သူများဖြင့် စုပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကွင်းသရပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက လယ်ယာလုပ်သား ရှားပါးမှုအခြေအနေများကို ကျော်လွှားနိုင်ရန်၊ သမရိုးကျစိုက်ပျိုးထုတ်လုပ်ခြင်းထက် လယ်ယာသုံးစက်ကိရိယာများဖြင့် တွင်တွင်ကျယ်ကျယ် အစားထိုးအသုံးပြုကြရန် လိုအပ်ကြောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပါက ကောက်စိုက်သမလုပ်အားခနှုန်း သက်သာစေမည်ဖြစ်ကြောင်း၊ ကျောက်တံခါးဆည်ရေသောက်ဧရိယာအတွင်း နွေစပါးစိုက်ပျိုးရေးစီမံဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။   

ဆက်လက်၍ ကူဘိုတာခြောက်တန်းသွား နွေစပါးကောက်စိုက်စက်ဖြင့် တောင်သူများအား လက်တွေ့စိုက်ပျိုးပြသခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ နွေစပါးစိုက်တောင်သူများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။  

လှဝင်း