ငပုတော ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် ငပုတောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းရွာတွင် ကျင်းပပြုလုပ်သော မဟာရာဇာမုနိအောင်တော်မူစေတီတော်မြတ်ကြီး၌ ကျင်းပပြုလုပ်သော ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားတက်ရောက်ရာ “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးအဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များက မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်အဆင့်ဆင့်လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော် သံဃာတော်များထံ ဆက်ကပ်လှူဒါန်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တာဝန်ရှိသူများက စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်တို့အား ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ပူဇော်ခဲ့ကြသည်။
ထို့နောက်စေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်မြတ်နှင့် ရတနာစိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်အခမ်းအနားအား ဆက်လက်ကျင်းပရာ ရတနာသုံးပါး ဂုဏ်တော်ပွား၍ မင်္ဂလာအချိန်ကို စောင့်ဆိုင်းကာ မင်္ဂလာအချိန် ရောက်ရှိသည့် အခါတွင် ဆရာတော်သံဃာတော် အရှင်သူမြတ်များက “ဇယန္တော ဗောဓိယာမူလေ” အစချီသော နှစ်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်၍ မင်္ဂလာရထားပျံဖြင့် ငှက်မြတ်နားတော်မြတ်နှင့် ရတနာ စိန်ဖူးတော်မြတ်တို့ကို ပင့်ဆောင်တင်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် အခမ်းအနားမှူး ဦးဆောင်၍ ပရိတ်သတ်အားလုံးတို့က “ဇိတံမေအောင်ပြီအောင်ပြီအောင်ပြီ”ဟု သုံးကြိမ်ရွတ်ဆို ကြွေးကြော်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေစင်ရေသန့်သွန်းလောင်းသန့်စင်၍ အမွှေး နံ့သာရည် ဖျန်းပက်ပူဇော်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အတွင်း ပန်းလည်တိုင်၌ သာသနာ့အောင်လံတော် လွှင့်တင်ပူဇော်ခဲ့ပြီး ရတနာရွှေမိုးငွေမိုးရွာသွန်းခဲ့သည်။
ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေကအနေကဇာတင်တော်မူ၍ ဒက္ခိဏာရုံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃာ့ဗဟိုဝန်ဆောင် မဟာဂန္တဝါစက ပဏ္ဍိတ၊ သာသနဓဇ ဓမာစရိယ ဘဒ္ဒန္တ ကုမာရမှ အနုမောဒနာတရားနာကြားကာ အလှူရှင်များက လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု”သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)