မြို့သစ် ဧပြီ ၂၅
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်က မြို့ပေါ်ရပ်ကွက်များအတွင်း စက်ရုံ၊ အလုပ်ရုံများနှင့် လူနေအိမ်များသို့ တစ်အိမ်တက်ဆင်းစစ်ဆေးပြီး မီးဘေးလုံခြုံရေးဆိုင်ရာအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများ၊ နေအိမ်တိုင်းတွင် မီးချိတ်မီးကပ်၊ သဲ၊ လှေကား၊ ရေနှင့် မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိရန်၊ မီးဖိုမီးကိုအန္တရာယ်ကင်းရှင်းစွာဖြင့် သတ်မှတ်ချိန်အတွင်း စနစ်တကျအသုံးပြုရန်နှင့် မီးကြွင်းမီးကျန်များကို သေချာစွာငြှိမ်းသတ်ရန်၊ လျှပ်စစ်ပစ္စည်းများ၊ ဂတ်စ်မီးဖိုများနှင့် မီးဘေးအန္တရယ်စိုးရိမ်ရသောလုပ်ငန်းများ စသည့် မီးဘေးလုံခြုံရေးဆိုင်ရာအချက်များ အသိပညာပေးပြောကြားခဲ့သည်။
မြို့သစ်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးပြီး အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများတွင် မီးငြှိမ်းသတ်နည်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း စသည်ဖြင့် အသိပညာပေးလုပ်ငန်းများကို အပတ်စဥ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)