မကွေး ဧပြီ ၂၅
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍတိုးတက်စေရန်နှင့် လျာထားချက်ပြည့်မီကျော်လွန်စေရေးအတွက် (အဓိကသီးနှံ-၁၀မျိုး)ကို မျှော်မှန်းချက်ပြည့်မီအောင် အထူးအလေးထားဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၅)ကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မကွေးတိုင်းဒေသကြီးဟာ စပါးအပါအဝင် ဆီထွက်သီးနှံအဓိကစိုက်ပျိုးထုတ်လုပ်တဲ့ တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး၊ သီးနှံစိုက်ဧရိယာတိုးတက်လာရေးအတွက် သီးထပ်စိုက်ပျိုးခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းနဲ့ အဓိကသီးနှံများ သတ်မှတ်ထားတဲ့ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့ကို အဓိကအလေးထားဆောင်ရွက်ရမှာဖြစ်ပါကြာင်း၊ ဆီထွက်က်သီးနှံကိုလည်း တိုင်းဒေသကြီးအတွင်းမှာ ဖူလုံသည့်အပြင် အခြားဒေသများသို့ဖြန့်ဖြူးပေးနိုင်ရေး၊ ပြည်ပတင်ပို့နိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ကြာင်း၊ လက်ရှိအချိန်ဟာ နွေသီးနှံများစိုက်ပျိုးချိန်ကာလလည်း ကုန်ဆုံးနေပြီဖြစ်သလို ဒီနေ့အထိ နွေစပါး (၅၆၄၃၄) ဧက လျာထားမှုအပေါ် (၃၇၃၇၇)ဧက၊ နွေနှမ်း(၁၁၃၃၉၅)ဧက လျာထားမှုအပေါ် (၁၃၂၂၀၇)ဧက၊ အခြားသီးနှံ (၆၂၃၉)ဧက စိုက်ပျိုးပြီး စုစုပေါင်း နွေသီးနှံ (၁၆၉၈၂၉)ဧကလျာထားမှုအပေါ် (၁၇၅၈၂၃)ဧက၊ (၁၀၃.၅၃)ရာခိုင်နှုန်းစိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ်နွေသီးနှံ (၁၆၇၆၉၄)ဧကထက်(၈၁၂၉)ဧက နွေသီးနှံပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်မှာ သီးနှံစုစုပေါင်းစိုက်ဧက သိန်း(၆၀)ကျော် စိုက်ပျိုးနိုင်ပြီး ယခင်နှစ်ထက် ဧက(၃) သိန်း ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လာမည့် ၂၀၂၅-၂၀၂၆ ခုနှစ်မှာလည်း စိုက်ဧက (၆၅)သိန်းကျော် စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရမှာဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများကိုဌာနအသီးသီးသို့ တာဝန်ပေးအပ်ထားပြီးဖြစ်ပါကြောင်း၊ သီးနှံစိုက်ပျိုးထွက်ရှိမှုများတိုးတက်မြင့်မားပြီး လယ်ယာကဏ္ဍတစ်ခုလုံးတိုးတက်မှုရရှိလာစေဖို့ တာဝန်ယူဆောင်ရွက်နေသော ဌာနဆိုင်ရာအသီးသီးတို့အနေဖြင့် မိမိတို့ကြီးကြပ်/ပံ့ပိုးဆောင်ရွက်ပေးရမည့် စိုက်ပျိုးနည်းပညာပေးလုပ်ငန်းများ၊ သီးနှံမျိုးစေ့ရရှိရေးလုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ မြေယာထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများနှင့် သီးနှံစိုက်ပျိုး ရိတ်သိမ်းထွက်ရှိမှု စာရင်းဇယားများ အချိန်နှင့်တပြေးညီ မြေပြင်အရောက်ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ကြရန်နှင့် လယ်သမားများ ပါဝင်လုပ်ဆောင်လာရေးကိုလည်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်းနှင့် မိမိတို့ တိုင်းဒေသကြီး၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အကောင်အထည်ဖော်ရေးအဖွဲ့များအနေဖြင့် အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြဖို့မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းက မကွေးတိုင်းဒေသကြီးအတွင်း သီးနှံစုံစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ ဒေသတွင်းရှိ ရေမြေသဘာဝအခြေခံများနဲ့အခွင့်အလမ်းများ၊ အခြေအနေကောင်းများကို အသုံးပြုပြီးဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းက တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ဆုံးဖြတ်ချက်များအားဖတ်ကြား ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးနှင့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူးတို့က မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ရှင်လင်းတင်ပြဆွေးနွေးမှုများနှင့် တက်ရောက်လာသူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ အထွေထွေဆွေးနွေးတင်ပြဆောင်ရွက်ခဲ့မှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ