မန္တလေး မတ် ၂၀
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ မန္တလေး တိုင်းရင်းဆေး တက္ကသိုလ်တွင် စာကြည့်တိုက်၊ ပြတိုက်၊ သုတေသနလုပ်ငန်းများ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်စေရေးအတွက် (၄)ထပ်ဆောင် အဆောက်အဦ အသစ်တစ်လုံး တည်ဆောက်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်၉နာရီက တိုင်းရင်းဆေးတက္ကသိုလ်ဝင်း အတွင်းရှိ သတ်မှတ်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးဝင်းဟန်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား)ဦးဝင်းစိုး၊ မော်ကွန်းထိန်း ဦးထွန်းမောင်၊ မန္တလေးတိုင်းဒေသကြီး Third Party(QC) အဖွဲ့ဝင် ဦးအောင်ကျော်မြင့်၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ Ocean Myan mar Co., Ltd ပိုင်ရှင် ဦးမျိုးဟန်ဦးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းဆေးတက္ကသိုလ်မှ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြပြီး ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်းနှင့် တာဝန်ရှိသူများက ပန္နက်တော်ကို အသီးသီး ရိုက်ပေးကြ၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖြန်းပေးကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။
အဆိုပါ အသစ်ဆောက်လုပ်မည့် (၄)ထပ်ဆောင် အဆောက်အဦမှာ အလျား(၉၆)ပေ၊ အနံ(၅၀)ပေ၊ RC (၄)ထပ် အဆောက်အဦဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)