ပဲခူး ဧပြီ ၂၄
ပဲခူးခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောညီညီထွေးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ပဲခူးခရိုင်အတွင်း သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဒေသန္တရစီမံကိန်းများအား ရေးဆွဲအတည်ပြုပြီး၍ တာဝန်ပေးအပ်ခြင်းကို သာမန်လုပ်ရိုးလုပ်စဉ် သဘောမထားဘဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းတာဝန်များအဖြစ် ခံယူဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေအား ထိထိရောက်ရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရေး လွန်စွာအရေးကြီးပြီး ဆောင်ရွက်သည့်လုပ်ငန်းများကို စိစစ်သုံးသပ်၍ ပိုမိုကြိုးစားအားထုတ်လုပ်ဆောင်သွားကြရန် ပြောကြားသည်။
ထို့နောက် ဒေသန္တရစီမံကိန်းရည်မှန်းချက်တွင် ပါဝင်သော လယ်ယာကဏ္ဍကြီးအတွက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးအားလည်းကောင်း၊ စက်မှုကဏ္ဍကြီးအတွက် ခရိုင်စက်မှုကြီးကြပ်နှင့် စစ်ဆေးရေးဦးစီးမှူးအားလည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအတွက် ခရိုင်ပညာရေးဦးစီးဌာန ခရိုင်ဦးစီးမှုးအားလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းရည်မှန်းချက်များအား ပဲခူး၊ သနပ်ပင်၊ ကဝ၊ ဝေါတို့မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများအား ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခဲ့ကာ ကဏ္ဍအလိုက်စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ပြည့်မီကျော်လွန်ပြီး လက်တွေ့အောင်မြင်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွှန်ချက်များနှင့်အညီ အားလုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)