လိပ်သိုမြို့တွင် နွေရာသီ တိုင်းရင်းသားစာပေ နည်းပြသင်တန်းဖွင့်လှစ်

လိပ်သို ဧပြီ  ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ဂေဘားကရင် စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့မှ ဦးစီးပြုလုပ်သော လိပ်သိုနယ်မြေဒေသရှိ တိုင်းရင်းသားစာပေ သင်ကြားသော ကျောင်းများရှိ ဆရာ/ ဆရာမများအား တိုင်းရင်းစာပေသင်ကြားနည်းသင်တန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လိပ်သိုမြို့ ကက်သလစ်သာသနာ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ရာ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊  နည်းပြဆရာမများနှင့် သင်တန်းသား ဆရာ/ဆရာမများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားကို ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့၏ အတွင်းရေးမှူး ဦးရွှေနု၏ အဖွင့်ဆုတောင်းမေတ္တာဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းရင်းသားစာပေသင် ဆရာ/ဆရာမများက နှုတ်ဆက်အဖွင့်သီချင်းဖြင့် သီဆိုတင်ဆက်ခြင်း၊ ဂေဘားကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ဥက္ကဋ္ဌ Rev.Fr ဟင်နရီတင်အောင်၊ မြို့မိမြို့ဖ ဦးစောဂျေအေဝင်းမြင့်၊ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် အသင်း၏ နာယက အဖွဲ့ဝင်များက အသီးသီး အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းသို့ ကျေးရွာအသီးသီးမှ သင်တန်းသား ဆရာ/ဆရာမ (၁၆၂) ဦး တက်ရောက်ကြပြီး သင်တန်းကို ဧပြီလ (၂၃) ရက်နေ့မှ (၂၉) ရက်နေ့အထိ ရက်သတ္တပတ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေးနွယ်