သံတောင်ကြီး ဧပြီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးသိရှိလာစေရန်နှင့် အသိပညာဗဟုသုတကြွယ်ဝလာစေရန်ရည်ရွယ်ပြီး Book Club အဖွဲ့ဝင်များက စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)၏ဘဝတစ်လျှောက် အောင်မြင်ပျော်ရွင်နည်းစာအုပ်အား ယမန်နေ့နံနက် (၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင်စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ပုလဲဝင်း (Book Club )အဖွဲ့ဝင်က စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် ကိုယ့်အကြောင်းကိုယ် သိအောင်လုပ်ပါ၊မောပန်းနွမ်းနယ်မှုနှင့်သောကကင်းဝေးမှုနည်းလမ်းလေးခု၊ ငြီးငွေ့မှုကိုကုစားနည်း၊ ဒေါ်လာတစ်သန်းနဲ့လဲမလား၊ လုပ်စရာရှိတာလုပ်ပါ စသည့်အကြောင်းအရာများ အားစာဖတ်ဝိုင်းဆွေး နွေးဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီးစောဟဲထူး (Youth Club)အဖွဲ့ဝင်ကအပြစ်မတင်ဘဲအလုပ်ဖြစ်အောင်လုပ်ပါ၊ ရောက်လေရာမှာ ကြိုဆိုစေလိုလျှင်၊ တွေ့တွေ့ခြင်းသဘောကျစေလိုလျှင်၊ အကူအညီယူကအကူအညီရ၊ လူတိုင်းအကြိုက် စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် (Book Club)အဖွဲ့ ဝင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာရေးဆရာခင်မောင်ညို (ဘောဂဗေဒ )၏ ဘဝတစ်လျှောက်အောင်မြင်ပျော်ရွင်နည်းစာအုပ် ကိုဖတ်ရှုခြင်းဖြင့် ကျရှုံးနေချိန်တွင် ဇွဲမလျော့အောင်မြင်စေလိုသောစိတ်ထားများမွေးလိုခြင်း၊ သူတစ်ပါးကို ကူညီစေလိုသောစိတ်ထားရှိလိုခြင်းနှင့် အောင်မြင်ချင်သောစိတ်ဓာတ်များ တိုးပွားလာခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။
နော်နော်မူ