ကရင်ပြည်နယ် စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဘားအံ ဧပြီ ၂၄

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မတီ၏ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကိုအဓိကထားပြီး တိုင်းပြည်သာယာဝပြော၍ စားရေရိက္ခာဖူလုံရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဖူလုံပိုလျှံအောင် ထုတ်လုပ်ပြီး ပြည်ပတင်ပို့ရောင်းချ၍ နိုင်ငံခြားဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သီးထပ် စွမ်းအားတိုးတက်ရန်နှင့်တစ်ဧကပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ဒေသနှင့်ကိုက်ညီသည့်  သီးနှံများကိုရေရရှိရေးနည်းလမ်းမျိုးစုံဖြင့် တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ကြက်၊ ဝက်၊ ဘဲ၊ ငါး၊ ဆိတ်၊ နွားတို့ကို ဒေသတွင်းဖူလုံပိုလျှံအောင် တိုးချဲ့မွေးမြူလုပ်ကိုင်ကြစေလိုပြီး ဥစားကြက် မွေးမြူရေးကို ကျေးလက်ဒေသများထိ မွေးမြူနိုင်အောင် စီမံဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျေးရွာတစ်ရွာလျှင်ကောင်ရေ ၅၀၀ ပါဥစားကြက်ခြံတစ်ခြံမွေးမြူနိုင်အောင် ဆောင်ရွက်ပေးစေလိုပြီး လိုအပ်သည့်နည်းပညာ၊ အရင်းအနှီးနှင့်ပံ့ပိုးမှုများကို ကော်မတီမှကူညီဆောင်ရွက်ပေးစေလိုကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်ဖွံ့ဖြိုးရေးအတွက် တက်ရောက်လာသူများက မျက်ခြေ မပြတ်အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီးပြည်နယ်၏ ၂၀၂၄-၂၀၂၅ ခုနှစ် အဓိကသီးနှံ(၁၀)မျိုး စိုက်ပျိုးထုတ်လုပ်မှုနှင့်ယခင်နှစ်စိုက်ပျိုးထုတ်လုပ်မှုအပေါ်နှိုင်းယှဉ်ချက်၊ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးနေမှုနှင့် တိုးမြှင့် စိုက်ပျိုးရန်လျာထားဆောင်ရွက်ထားရှိမှု၊ ၂၀၂၅-၂၀၂၆ ခုနှစ် သီးနှံအလိုက်အထူးဇုန်များဖော်ထုတ်မည့်အစီအစဉ်၊ သီးနှံအလိုက်မျိုးစေ့နှင့်သွင်းအားစု လိုအပ်မှုအခြေအနေ၊ မိုးကြိုထယ်ရေးခံခြင်းနှင့်သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာများထည့်သွင်း ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်၊ မိုးစပါးနှင့်မိုးသီးနှံများအထွက်နှုန်းတိုးတက်ရေး တစ်ကွင်းတစ်ဆက်တည်း(၅၀)ဧကနှင့် အထက်စံပြ ကွက်များ၊ သီးနှံ ပုံစံစမ်းသပ်ကွက်များဆောင်ရွက်မည့်အစီအစဉ်၊ ပြည်နယ်အတွင်းမွေးမြူ တိရစ္ဆာန်ကောင်ရေ၊ မွေးမြူရေးဇုန်များ၏ ထုတ်လုပ်မှုအခြေအနေ၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှုနှင့်ပိုလျှံမှု၊ မွေးမြူရေးထွက်ကုန်တိုးတက်စေရေး ဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြ သည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအားနှိုင်းယှဉ်ချက်၊ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုအခြေအနေ၊ နှစ်အလိုက်တိရစ္ဆာန်မွေးမြူ ထုတ်လုပ်မှု၊ စားသုံးမှုနှင့် ဖူလုံမှုအခြေအနေ၊ လယ်ယာသားငါးကဏ္ဍအကောင် အထည်ဖော်နိုင်မှု၊ စံပြစိုက်ခင်း၊ မျိုးစေ့ထုတ်စိုက်ခင်များနှင့် တိုးတက်စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)