တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာ ဆရာ/မများ ပညာရေးနှင့် သင်ကြားနည်းပညာ ဒီပလိုမာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး

မြိတ်   ဧပြီ   ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  အခြေခံပညာဆရာ/မများ ပညာရေးနှင့် သင်ကြားနည်းပညာဒီပလိုမာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား  သွားရောက်ကြည့်ရှု အားပေးကြသည်။

သင်တန်းကို အခြေခံပညာ မူလတန်းပြ၊ ဒုတိယမူလတန်းပြ၊ လက်ထောက်မူလတန်းပြ ဆရာ/မများ စွမ်းဆောင်ရည်နှင့် သင်ကြားနည်းဆိုင်ရာအတွေးအခေါ်များ၊ ပြဿနာဖြေရှင်းနည်းများ၊ ပူးပေါင်းဆောင်ရွက် နည်းများကို တိုးတက်စေရန်အတွက် နိုင်ငံတကာ ပညာရေးစနစ်နှင့်အညီ သတ်မှတ်ထားသည့် ဘာသာရပ်(၁၆)ခုကို သင်ကြားလေ့ကျင့်ပေးနေခြင်းဖြစ်သည်။

သင်တန်းတွင် သင်တန်းသား ဆရာ/မများ သင်ကြားလေ့ကျင့်ပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအားတွေ့ဆုံကာ သင်တန်းအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ သင်တန်းအသုံးစရိတ်အတွက် ချီးမြှင့်ငွေကျပ်(၁၅)သိန်းကို  ဝန်ကြီးချုပ်က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

အဆိုပါသင်တန်းကို  မတ်(၂၄)ရက်က စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အခြေခံပညာ မူလတန်းပြ၊ ဒုတိယ မူလတန်းပြ၊ လက်ထောက်မူလတန်းပြ ဆရာ/မ သင်တန်းသား/သူ  မြိတ်မြို့နယ်မှ (၃၅၈)ဦး၊ ကျွန်းစုမြို့နယ်မှ (၁၅၃)ဦး၊ ပုလောမြို့နယ်မှ (၁၀၅)ဦး၊ တနင်္သာရီမြို့နယ်မှ(၂၃)ဦး၊ ဘုတ်ပြင်းမြို့နယ်မှ(၃၈)ဦး၊ သရက်ချောင်း မြို့နယ်မှ(၂)ဦးနှင့် ကော့သောင်းမြို့နယ်မှ(၁)ဦး စုစုပေါင်း (၆၈၀)ဦး တက်ရောက်လျက်ရှိကြကာ သင်တန်းကာလ (၄၉)ရက်ကြာ သင်ကြားလေ့ကျင့်ပေးလျက်ရှိကာ လက်တွေ့ချိန်အဖြစ်(၄၃)ရက်ကို တန်းပြဆင်းလေ့ကျင့်သင်ကြားရမည်ဖြစ်သည်။

ထို့နောက် အ.ထ.က(၂)ကျောင်းတွင် နွေရာသီလူငယ်ဘင်ခရာ သင်တန်းဖွင့်လှစ်သင်ကြားနေမှုအား ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှုအားပေးကြပြီး သင်တန်းအတွက် ချီးမြှင့်ငွေများကို ဝန်ကြီးချုပ်မှ ပေးအပ်သည်။ အဆိုပါသင်တန်းကို ဧပြီလ(၁၈)ရက်မှ မေလ(၂၅)ရက်အထိ ဖွင့်လှစ်လျက်ရှိကာ သင်တန်းသား ကျောင်းသား/သူ (၇၀)ဦး တက်ရောက်လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )