ငါးသိုင်းချောင်း ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ (၂၀၂၅-၂၀၂၆) ခုနှစ်၊ မိုးရာသီမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာ ရေရှည်တည်တံ့ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီအချိန်က မအူကုန်းကျေးရွာ၊ ကွင်းအမှတ် 903၊ ဦးပိုင် 19/1 ၊ တောင်သူဦးကုသိုလ်၏ လယ်မြေ (၄) ဧက၌ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ရေကြည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းလင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်နှင့် ဌာနဆိုင်ရာများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်လှမြင့်နှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များစုပေါင်း ကြဲပက်ခဲ့ကြသည်။ ထိုသို့ လယ်ယာမြေများအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေတွင်းအာဟာရဓာတ် ကြွယ်ဝစေ၍ ကုန်ကျစရိတ်သက်သာခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ သီးနှံအထွက်နှုန်း တိုးတက်ခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)