ဘားအံ၌ ရေကြောင်းလူငယ်အခြေခံသင်တန်းဖွင့်လှစ်

ဘားအံ ဧပြီ ၂၄

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူမျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်း လာစေရန်ရည်ရွယ်၍ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်မှ ကြီးမှူးဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲကို ဧပြီလ ၂၂ ရက်နေ့ နံနက်(၉)နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းတက်ရောက်ကြမည့် မောင်တို့မယ်တို့သည် သမိုင်းအစဉ်အလာကောင်းသော ရေကြောင်းလူငယ်မျိုးဆက်များ၏ အမွေကိုဆက်ခံရင်း အနာဂတ်တွင် နိုင်ငံတော်နှင့်ပြည်သူလူထုက အားထားရမည့် ရေကြောင်းပညာရှင်များဖြစ်အောင် ကြိုးပမ်းအားထုတ်သွားကြစေလိုကြောင်း၊ ရေကြောင်းဆိုင်ရာအသိပညာ၊ အတတ်ပညာများကိုတိုးပွားရရှိလာမည့်အပြင် လက်တွေ့ကျကျဆောင်ရွက်ကြသည့်လုပ်ငန်းခွင် အတွေ့အကြုံများကို ရရှိစေမည်ဖြစ်၍ မောင်တို့မယ်တို့အတွက် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီး အကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုသင်တန်းတက်ရောက်ကြမည့်မောင်တို့မယ်တို့သည် နိုင်ငံ အကျိုးကိုရှေးရှုပြီး အားကြိုးမာန်တက်ဆည်းပူးလေ့လာသင်ယူကြစေလိုကာ နိုင်ငံတော်ကအားထားရသည့် သယ်ယူပို့ဆောင်ရေးရေကြောင်းဆိုင်ရာပညာရှင်များ၊ ရေကြောင်းစက်မှု/ လက်မှုပိုင်းဆိုင်ရာပညာရှင်များ၊ မြို့ပြရေကြောင်း ဆိုင်ရာပညာရှင်များဖြစ်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘားအံရေကြောင်းလူငယ်အခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၅)အတွက် ငွေကျပ် ၈၆၇၁၄၀၀ဝိ/- (ရှစ်ရာခြောက်ဆယ်ခုနှစ်သိန်းတစ်သောင်းလေးထောင်ကျပ်)ကို တာဝန်ခံ အရာရှိထံ ချီးမြှင့်ပေးအပ်ကာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးက သင်တန်းသား၊ သင်တန်းသူများကို အားကစားပစ္စည်းများနှင့်စာရေးကိရိယာများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေကြောင်းလူငယ်အခြေခံသင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားကာ သင်ထောက်ကူ ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းကို ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၁၄၀ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီလ ၂၂ ရက်နေ့မှ မေလ ၁၂ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကာ အခြေခံစစ်ရေးပြ၊ လက်နက်ငယ်နှင့်စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဘာသာရပ်၊ ရေကြောင်းဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဟုသိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)