မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ နွေရာသီ တယောတီးခတ်မှုသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်

မကွေး ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ကြီးကြပ်လမ်းညွန်မှုဖြင့် နွေရာသီကာလ လူငယ်ကျောင်းသား ကျောင်းသူများအတွက် အကျိုးကျေးဇူးရရှိစေမည့် အနုပညာစွမ်းရည်ဖြစ်သော အခြေခံတယောပညာသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊  မြို့တော်ခန်းမ၌ ကျင်းပရာ၊ တယောတီးခတ်မှုသင်တန်းဆင်း အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး၊ တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တက္ကသိုလ်/ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ တယောတီးခတ်မှု နည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နွေရာသီကျောင်းပိတ်ကာလ အားလပ်ရက်များကို အကျိုးရှိရှိ ကောင်းစွာအသုံးချခြင်းဖြင့် အသိလိမ္မာတိုးပွားစေပြီး ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး မိမိတို့စိတ်ပါဝင်စားသော သင်တန်းများကို တက်ရောက်ခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ဗဟုသုတများ အတွေးအခေါ်ကောင်းများ ပေါ်ထွန်းလာစေရန်၊ သင်တန်းမှရရှိသည့် ဗဟုသုတနှင့် အတတ်ပညာများကိုအခြေခံပြီး မိမိတို့ရဲ့အနာဂတ်ဘဝကို ကောင်းမွန်စွာ တည်ဆောက်တတ်စေရန်နှင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အခုနွေရာသီတယောသင်တန်းကို တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေနဲ့ သင်တန်းဆရာများ ပို့ချသင်ကြားပေးခဲ့တဲ့ စာတွေ့ လက်တွေ့ သင်ခန်းစာများနှင့် ဂီတသင်္ကေတများကို ကျေညက်အောင် အထပ်ထပ်အခါခါ ကြိုးစားလေ့ကျင့်ပြီး ကမ္ဘာသုံးသင်္ကေတများနှင့် ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်တဲ့ တယောပညာရှင်များဖြစ်ကြစေလို့ကြောင်း၊ သင်တန်းမှရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာများနဲ့ မိမိရပ်ရွာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဆက်လက်ဖြစ်ထွန်းအောင်ဆောင်ရွက်စေတတ်ဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လူမှုရေးဦးတည်ချက်ဖြစ်တဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ လူငယ်များအနေနဲ့ အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နဲ့ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ ဦးတည်ချက်နှင့်အညီ နိုင်ငံတော်အတွက် အားထားရတဲ့ နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တယောတီးခတ်မှုသင်တန်း သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများက တယောဖြင့် သရုပ်ပြတီးခတ်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ သင်တန်းတွင် ဆုရရှိကြသူများနှင့် သင်တန်းနည်းပြများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးချီးမြှင့်ပေးခဲ့သည်။

ထို့နောက် ၂ဝ၂၅ ခုနှစ်၊ နွေရာသီတယောတီးခတ်မှုသင်တန်းမှ သင်တန်းသား၊ သင်တန်းသူများက မကွေးမြို့ပေါ်ရပ်ကွက်များအတွင်း တယောတီးခတ်၍ ငလျင်ဘေးအတွက် အလှူခံရရှိခဲ့သည့် ငွေကျပ်သိန်း(၅၀)အား အဖွဲ့ခေါင်းဆောင်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ နွေရာသီသင်တန်းများစွာ ဖွင့်လှစ်ခဲ့သည့်အနက် အခြေခံတယောသင်တန်းကို(၃-၄-၂၀၂၅)ရက်နေ့မှ (၁၁-၄-၂၀၂၅)ရက်နေ့အထိ မကွေးမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၄၉)ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ မကွေးမြို့တွင် နွေရာသီ လူငယ်ရေးရာသင်တန်းများဖြစ်သော ကင်းထောက်၊ ယဉ်ကျေးလိမ္မာ၊ ကြက်ခြေနီ၊ ကွန်ပျူတာ၊ ပန်းချီ၊ အခမ်းအနားမှူး၊ အားကစားနည်း၊ ပန်းဖွား၊ ဘင်ခရာ၊ ကဗျာလွတ် အစရှိသည့် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ(၇၁၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ