ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ငဖဲ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတတိုးပွားစေရန်၊ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်ရှိန်မြှင့်တင်ရန်နှင့် လူငယ်ရေးရာအကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပေကုန်းကျေးရွာ သုမင်္ဂလာရာမကန်လယ်မင်းကျောင်းတိုက် ဆရာတော် ဦးခမာဝုဓက အမှာစကားမိန့်ကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်တွင် လိမ္မာယဉ်ကျေးစေရန်အတွက် ဗုဒ္ဓစာပေများသာမက သုတရသစာအုပ် စာပေကိုလည်း လေ့လာဖတ်ရှုဖို့ လိုအပ်ပြီး စာပေက ရရှိသည့် အသိတရားဖြင့် မိမိဘဝတိုးတက်မြင့်မားအောင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၄ ဒေါ်နှင်းနွယ်အောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်းစရာများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာကျော်က လူငယ်များ အွန်လိုင်းအင်တာနက်ဂိမ်း သုံးစွဲခြင်းအားဖြင့် ရရှိလာမည့် ကောင်းကျိုးနှင့်ဆိုးကျိုးများကို အသိပညာပေး ဆွေးနွေးပြောကြားသည်။ 

ဟောပြောပွဲအပြီးတွင် တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ကျား၊မ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ(၁၉၃)ဦးအား  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)