ကန့်ဘလူမြို့နယ်၌ နွေစပါး ၉၂၁၅ ဧက စိုက်ပျိုးပြီးစီး

ကန့်ဘလူ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယခုနှစ် နွေစပါး ၉၂၁၅ ဧကစိုက်ပျိုးပြီးစီးပြီ ဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထိုသို့စိုက်ပျိုးနိုင်ရန် ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ၊ သိန်ရင်ရေ လှောင်တမံ၊ လင်ပန်းရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံ၊ လျှပ်စစ်ရေတင်၊ ပုဂ္ဂလိကစက်ရေတင် လုပ်ငန်းများမှ နွေစပါးများ အောင်မြင်စွာစိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေများကို ဖေဖော်ဝါရီ ၇ ရက်က စတင်ပေးဝေခဲ့ရာ ယနေ့အထိ နွေစပါး ၉၂၁၅ ဧက စိုက်ပျိုးပြီးစီးခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူမြို့နယ်တွင် နွေစပါးကို ဧက ၂၄၆၅၀ စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ နွေစပါးကို ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် စပါးဧကတိုးတက် အောင်ဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေး အထူးမျိုးကောင်းမျိုးသန့်ထုတ်လုပ်ခြင်း၊ သွင်းအားစုများစနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံဆောင်ရွက်ပေးခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ကူညီပံ့ပိုးပေးခြင်းတို့ကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ထို့ပြင် စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ မြေဩဇာစနစ်တကျသုံးစွဲနိုင်စေရေး၊ ပိုးမွှားကျရောက်မှုမှ ကာကွယ်နိုင်စေရေးနှင့်တစ်ဧက စပါးအထွက်နှုန်းတိုးတက်စေရေးတို့အတွက်လည်း တောင်သူများကို နည်းစနစ်များ ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)