ပုသိမ် ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာရှိ ရွှေခြင်္သေ့ရာဘာခြံနှင့် ရာဘာခြံအတွင်း ကော်ဖီသီးညှပ်စိုက်ပျိုးထားရှိမှုများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေခြင်္သေ့ရာဘာခြံသို့သွားရောက်၍ ရာဘာခြံအတွင်း ရာဘာစိုက်ဧက (၆၀)ဧကရှိပြီး ရိုဘတ်စတာ(TR-4)ကော်ဖီသီးညှပ်စိုက်ဧကမှာ (၅.၅၀)ဧက စိုက်ပျိုးထားရှိမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ရာ ခြံပိုင်ရှင်မှ ကော်ဖီပင်များကို (၁.၂.၂၀၂၃)ရက်နေ့တွင် စတင်ပျိုးထောင်ခဲ့ပြီး (၉.၇.၂၀၂၄)ရက်နေ့တွင် စတင်စိုက်ပျိုးခဲ့မှုအခြေအနေများ၊ ကော်ဖီပင်များအား တစ်ရက်လျှင်နှစ်ကြိမ် ဆိုလာစနစ်ဖြင့် စနစ်တကျရေပေးမှုအခြေအနေများ၊ ရာဘာပင် ပေ၂၀ ကြားတွင် ၁၀ ပေခြား၍ ကော်ဖီပင်များ သီးညှပ်စိုက်ပျိုးခြင်းဖြစ်ပြီး အစိုဓာတ်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးမှု အခြေအနေများ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကော်ဖီစိုက်ပျိုးရေး လုပ်ငန်းများရေရှည် တိုးတက်စိုက်ပျိုးနိုင်ရန်အတွက် ပညာရှင်များ၊ လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးနိုင်ရေး၊ နှစ်ရှည်ပင်များအတွင်း သီးညှပ်စိုက်ပျိုးနိုင်ရေး၊ ကော်ဖီစိုက်ပျိုးရာတွင် ပိုမိုဖြစ်ထွန်းနိုင်သည့် မြေအမျိုးအစား၊ ရာသီဥတု ကိုက်ညီသည့် နေရာများတွင် ရွေးချယ်စိုက်ပျိုးနိုင်ရေး မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေခြင်္သေ့ရာဘာခြံအတွင်း ရာဘာ ကုန်ကြမ်း ထုတ်လုပ်မှုအဆင့်ဆင့်တို့အား ကြည့်ရှုစစ်ဆေးခဲ့ရာ ကုမ္ပဏီပိုင်ရှင်က ရာဘာပင်များကို ၂၀၁၀ ခုနှစ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ၁၀ နှစ်သားအရွယ်တွင် ရာဘာအစေးများ စတင်ခြစ်ယူခဲ့မှု၊ နှစ်အလိုက်ရာဘာထွက်ရှိမှု၊ ရာဘာပြားများထုတ်လုပ်မှု၊ ရောင်းချမှုအခြေအနေများ ရှင်လင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများ အပြည့်အဝ စိုက်ပျိုးစေနိုင်ရေး၊ ဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးရေး၊ ကုန်ကြမ်းအရည်အသွေးများ ပြည့်မီစေရေး၊ ကုန်ကြမ်းများမှ ကုန်ချောထုတ်လုပ်နိုင်သည်အထိ နည်းလမ်းများရှာဖွေ၍ ပူးပေါင်းဆောင်ရွက်ကြစေရေး၊ တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရာဘာစေးများအား ခဲကန်အတွင်း ထည့်သွင်းခြင်း၊ ခဲကန်အတွင်းရှိ အပြားများအားကြိတ်ခြင်း၊ ရေစစ်ခြင်း၊ နေလှမ်းခြင်း၊ မှိုင်းခံခြင်း စသည့်ကုန်ကြမ်းထုတ်လုပ်မှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မြကန်သာရပ်ကွက်ရှိ တိုင်းဒေသကြီးအထွေထွေပိုလျှံရံပုံငွေဖြင့်ဆောင်ရွက်သည့် မြကန်သာအပြင် ပတ်လမ်း (စိုက်သိပ္ပံလမ်း) ၄၃၀၀ပေ x ၁၂ပေ x ၆ လက်မ ကွန်ကရစ်ခင်းခြင်းနှင့် လမ်းဘေးမြေသားဖို့ခြင်း ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက မြကန်သာရပ်ကွက်၊ အပြင်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား နှစ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ၊ ကွန်ကရစ်လမ်းဘေးဝဲယာအား မြေသားဖို့ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ စနစ်တကျ တူးဖော်ရန်၊ လမ်းပုခုံးများ စနစ်တကျဖြစ်စေရန်၊ လမ်းဘေးဝဲယာသန့်ရှင်း သာယာလှပရေး ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် လမ်းအရည်အသွေးပြည့်မီရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံ၍ ကွန်ကရစ်လမ်းသစ်အား ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်း သိရသည်။ အဆိုပါ မြကန်သာရပ်ကွက်ရှိ အပြင်ပတ်လမ်း(စိုက်သိပ္ပံလမ်း)သည် စုစုပေါင်း ၈၅၅၆ ပေရှိပြီး ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ၆၅၇၂ ပေ ဆောင်ရွက်ပြီးစီး၍ ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်းပိုင်းများအား ဘဏ္ဍာနှစ်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)