လိပ်သို ဧပြီ ၂၂
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဦးလွင်ဦး ရေးသားသော “ ခေါင်းဆောင်ကောင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတ ကြွယ်ဝဖို့ စာအုပ်စာပေများကို အစဉ်တစိုက် လေ့လာဖတ်ရှုမှတ်သားဖို့ လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ယဉ်မိုးဟန်က “ခေါင်းဆောင်တို့၏ ကျင့်စဉ်များ” ခေါင်းစဉ်အောက်မှ “ခေါင်းဆောင်သည် ခေါင်းဆောင်မှု ပေးနေရသော လုပ်ငန်းအဖွဲ့အစည်း၏ သဘောသဘာဝ၊ လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ခံသမိုင်းကြောင်းအခြေအနေ၊ ကျွမ်းကျင်နှံ့စပ်မှုတို့ကို တတ်သိနားလည်ထားရန် လိုအပ်ကြောင်း၊ သဘောတရားမပါသော လက်တွေ့သည်လည်းကောင်း၊ လက်တွေ့မပါသော သဘောတရားသည်လည်းကောင်း လုပ်ငန်းအောင်မြင်မှုနှင့် ဝေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စာသိ ငါသိ နှစ်သိပေါင်း၍ ကျွမ်းကျင်စွာ လုပ်ကိုင်ဆောင်ရွက်မှ အောင်မြင်နိုင်မှာဖြစ်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ဦးလွင်ဦး ရေးသားသော “ခေါင်းဆောင်ကောင်း” စာအုပ်အား ဖတ်ရှုခြင်းဖြင့် ခေါင်းဆောင်သည် ငယ်သားများ၏ အပြုအမူ၊ အနေအထိုင်၊ အသွား အလာ၊ စိတ်နေသဘောထားများကို သိရှိပြီးဖြစ်၍ လုပ်ငန်းအောင်မြင်အောင် မည်ကဲ့သို့ အချောသပ်ရမည်ကို မိမိ၏ ခေါင်းဆောင်မှု အရည်အချင်းကောင်းများဖြင့် ဦးဆောင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)