ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများဆောင်ရွက်

ကျုံပျော် ဧပြီ ၂၂

ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ကွင်းဆင်းကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပင်လုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျုံပျော်မြို့ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဦးခိုင်ထွန်းဇော်က ရပ်ကွက်အတွင်းရှိ ပြည်သူများအား တိုင်းရင်းဆေးအကြောင်း သိကောင်းစရာ၊ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မိမိတို့ ဆေးရုံမှကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေအား သတင်းစကား ဖြန့်ဝေခြင်းများ ဆောင်ရွက်သည်။

ထို့နောက် ဆေးရုံအုပ်ဦးဆောင်သည့် ကွင်းဆင်းဆေးကုသရေးအဖွဲ့က ရပ်ကွက်အတွင်းရှိ ဆေးဝါးလာရောက်ပြသသော ပြည်သူများအား တစ်ဦးခြင်းအလိုက် ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ကာ တိုင်းရင်းဆေး အခမဲ့ကုသခြင်း၊ ဆေးဝါး အခမဲ့ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်းများ လာရောက်ဆောင်ရွက်သည့်အတွက် ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)