ဒေးဒရဲ ဧပြီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမြသိန်းနှင့် အဖွဲ့ဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လေးအိမ်တန်းကျေးရွာ မိုးစပါးမျိုးသန့် စိုက်ပျိုးထုတ်လုပ်မည့် စိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေးခြင်း၊ မြစိမ်းကန်ကျေးရွာ ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် လုပ်ငန်းလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ငွေကျပ်(၂၅၀၀)သိန်းဖြင့် ဒေသတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ထောက်ပံ့ငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ရာ ဒေသတွင်း သီးနှံသားငါးပိုမိုထုတ်လုပ်နိုင်ပြီး ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)