ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့တွင် ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ကြည့်ရှုအားပေး

မြောင်းမြ ဧပြီ ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြကန်သာရပ်ကွက်၊ အပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ကွန်ကရစ်လမ်းခင်းကျင်းနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းအား မြကန်သာရပ်ကွက်၊ အပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ကွန်ကရစ်လမ်းခင်းကျင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးညွှန့်ဝင်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွန်ကရစ်လမ်းခင်းခြင်းအား ကြည့်ရှုခဲ့ကြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကွန်ကရစ်လမ်းအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းအတိုင်းအတာ ၄၁၅' ၁၄' ၆" အား ကျပ်သိန်းပေါင်း (၃၇၇.၅၀၀) ကျပ်ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)