ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၉)ကြိမ်မြောက် လစဉ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိ

ပဲခူး ဧပြီ ၂၂

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၂၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းအား ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့အထွေထွေရောဂါကုဆေးရုံကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး လစဉ် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား စဉ်ဆက်မပြတ် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးနှင့် ဆေးဝါးလိုအပ်ချက်မရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာ နေထိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှု လစဉ် တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးများ၌ ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပေးခြင်း၊ လူနာတစ်ဦးလျှင် အခမဲ့ဆေးဝါး (၁)လစာ လစဉ်ထောက်ပံ့ပေးခြင်း၊ အခြေခံစားသုံးကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းအပြင် လူနာစောင့်များအတွက် နေ့စဉ်ထမင်းနှင့်ဟင်းအား အထူးသက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း၌ စုစုပေါင်းအငြိမ်းစား နိုင်ငံဝန်ထမ်း (၉၃၀၀၀)ကျော်ရှိပြီး ပဲခူးမြို့နယ်အတွင်း၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၂၀၀၀)ကျော် နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)