မြောင်းမြ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း (၂) ရက်နေ့ ညနေပိုင်း၌ ပြည်သူများ အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်ပြီးဆရာတော်သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း အန္တရာယ်ကင်းပရိတ်ရွတ်ပွားခြင်းများ၊ အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှူးပြု၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကို၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဆရာတော်သံဃာတော်များက မြို့တွင်းသို့ မော်တော်ယာဥ်များဖြင့် လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ၊ လမ်းများအလိုက် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နှစ်ဆန်း (၁) ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြောင်းမြမြို့နေ ပြည်သူများ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားအတွင်းသို့ ပရိတ်ရေများထည့်ပြီး မြို့အနှံ့ပရိတ်ရေများ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)