ပွင့်ဖြူ ဧပြီ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ၂၀၂၅ ခုနှစ် မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင်။ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဦးဆောင်သော မိသားစုဝင်များနှင့်အတူ ပွင့်ဖြုမြို့ သက်တော်ရှည်ရပ်ကွက်ရှိ သစ္စာမဏ္ဍိုင်မီးပြိုင်ဆုတောင်းပြည့်ရွှေဘုံသာဘုရားကြီးသို့ သွားရောက်ပြီး ဘုရားကြီးပရဝုဏ်အတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ဘုရားကြီးအား ရောင်တော်ဖွင့်ရေသပ္ပါယ်ခြင်း၊ ရွှေဘုံသာဘုန်းတော်ကြီးကျောင်းဝန်းရှိ နဂါးရုံဘုရားကြီးကန်တော်အတွင်း ရေဖြည့်တင်းခြင်း စသည့်ပြည်သူ့အကျိုးပြုလုပ်ငန်းများကို (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က သစ္စာမဏ္ဍိုင်မီးပြိုင်ဆုတောင်းပြည့် ရွှေဘုံသာဘုရားကြီးအား ဦးခိုက်ဖူးမြော်ကြည်ညိ၍ ပန်း၊ ရေချမ်း ဆီမီးကပ်လှူပူဇော်ကြပြီး နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူပြည်သူများ သဘာဝဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြစေရန် အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကာ ဆုတောင်းမေတ္တာပို့အမျှအတန်းများ ပေးဝေခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး