ကံမ ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၇- ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယမန်နေ့ ညနေ(၅)နာရီက ရွှေစည်းခုံစေတီ ကုန်းတော်ပေါ်ရှိ သဟပုညကာရီဓမ္မာရုံ၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အောင်နန်းရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တတေစိန္နထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြပြီး ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ အလှူရှင်များက လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက်ဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက်ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်းသိရသည်။
အလားတူ မြို့ပေါ်ရပ်ကွက်များ၌ ရပ်ကွက်အလိုက် လမ်းအလိုက် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍လှူဒါန်းမှုဖြင့် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲများကို ပြုလုပ်ရာဆရာတော် သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)